ကျောက်တော် ပိုက်ဆိပ်ရွာမှ ရိုဟင်ဂျာတစ်ဦး အသတ်ခံရ
အောင်ဇံဝေ Rohingya Today

ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ပိုက်ဆိပ်ကျေးရွာအုပ်စု အောက်ပိုက်ဆိပ်ရွာမှ အသက် (၅၅) နှစ် အရွယ် ရိုဟင်ဂျာတစ်ဦးကို ရခိုင်တစ်ဦးက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။

ကျောက်တော်မြို့နယ်၊ ပိုက်ဆိပ်ကျေးရွာအုပ်စု၊ အောက်ပိုက်ဆိပ်ရွာမှ ဦးအာဘုလ်ဟူစိန်း (ဘ) ဦးအဒူဂေါ်နီ (အသက် ၅၅ နှစ်) သည် နိုဝင်ဘာလ (၃) ရက်နေ့ နေ့လည် ၁၁ နာရီခန့်တွင် ပိုက်ဆိပ်ကျေးရွာအုပ်စုနှင့် သရက်အုပ်ကျေးရွာ ကြားရှိ လယ်ကွင်းကြီး၌ တစ်နှစ်ပတ်လုံး ရေရှိနေသောတွင်းများ၊ မြောင်းများ ရှိနေသည့် နေရာတွင် ပိုက်ကွန်ဖြင့် ငါးဖမ်းနေခဲ့သည်။ နေ့လည် ၁၁း၃၀ နာရီခန့်တွင် သရက်အုပ်ကျေးရွာမှ ရခိုင်တစ်ဦးသည် ဓါးနှင့် သေနတ်ကိုင်ဆောင်လျက် ရောက်ရှိလာပြီး၊ ဦးအာဘုလ်ဟူစိန်း ကို ဓါးဖြင့် ငါးချက်တိတိ ခုတ်ပြီးနောက် လည်ပင်းကိုပါ လှီးဖြတ်ခဲ့သဖြင့် ယင်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ 

ဦးအာဘုလ်ဟူစိန်းကို ဓါးဖြင့် ခုတ်နေသည်ကို အနီးအနားတွင် ငါးဖမ်းနေသည့် အခြားသော ရိုဟင်ဂျာများက မြင်တွေ့သောကြောင့် ခုတ်နေသည့်နေရာသို့ ဝိုင်းသွားကြရာ နောက်ထပ် ရခိုင်နှစ်ဦး ဓါးနှင့် သေနတ်များ ကိုင်ဆောင်ပြီး စောင့်နေသည်ကို တွေ့ရှိပြီး ကြောက်ရွံ့၍ ထွက်ပြေးသွားခဲ့ကြသည်။ 

ငါးဖမ်းနေသူများသည် ရွာသို့ ပြေးသွားပြီးနောက် ဖြစ်စဉ်ကို ရွာသားများအား ပြောပြခဲ့သည်။ ရွာသားများက ကျောက်တော်မြို့မ ရဲစခန်းသို့ တိုင်တန်း အကြောင်းကြားသောကြောင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသည့်အချိန်တွင် ဓါးဖြင့် ခုတ်ခဲ့သည့် ရခိုင်တစ်ဦးနှင့် စောင့်နေသည့် ရခိုင်နှစ်ဦးတို့ ထွက်ပြေး သွားခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ရဲတပ်ဖွဲ့ဝင်များက အလောင်းကို ကြည့်ရှုစစ်ဆေးပြီး မိသားစုထံ အပ်နှံခဲ့သည်။ မိသားစုဝင်များက နေအိမ်သို့ သယ်ဆောင်လာပြီး ညနေပိုင်းတွင် မြေမြှုပ်သဂြိုဟ်ခဲ့သည်။ 

ဦးအာဘုလ်ဟူစိန်း အသတ်ခံရသည့် နေရာသည် ပိုက်ဆိပ်ရွာနှင့် နှစ်မိုင်ခန့် ကွာဝေးပြီး၊ သရက်အုပ်ရွာနှင့် တစ်မိုင်ခန့်သာ ကွာဝေးသည်။ ပိုက်ဆိပ်ရွာသားများက ဦးအာဘုလ်ဟူစိန်း အသတ်ခံရသည့် နေရာတွင် လယ်ယာစိုက်ပျိုးခြင်း၊ ငါးဖမ်းခြင်း၊ ကျွဲ နွားကျောင်းခြင်းများ အမြဲပြုလုပ်လေ့ရှိသည်။ ယခင်ကလည်း ပိုက်ဆိပ်ရွာသားများ၏ လက်ကွင်း၌ ကျောင်းနေသည့် ကျွဲ နွား အများအပြားကို သရက်အုပ်ရွာမှ ရခိုင်ရွာသားများက လုယက် မောင်းယူသွားခဲ့သည်။ သရက်အုပ်ရွာသားများက ရိုဟင်ဂျာများကို မကြာခဏ ပြဿနာရှာသည်ဟု ဒေသခံများက ဆိုသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ