ဘူးသီးတောင် ဦးလှဖေကျေးရွာ အုပ်ချုပ်ရေးမှူးက ခရိုင်အုပ်ချုပ်ရေးမှူး၏ ခိုင်းစေချက်အရဟုဆိုကာ လယ်သမားများထံမှ လယ်ငှားရမ်းခ တောင်းခံ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဦးလှဖေကျေးရွာ အုပ်ချုပ်ရေးမှူးက ခရိုင်အုပ်ချုပ်ရေးမှူး၏ ခိုင်းစေချက်အရဟုဆိုကာ လယ်သမားများထံမှ လယ်ငှားရမ်းခ တောင်းခံနေသည်။ 

ဘူးသီးတောင်မြို့နယ် ဦးလှဖေကျေးရွာမှ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်မြေ ဧက ၂၅၀ ကို မောင်တော ခရိုင်အုပ်ချုပ်ရေးမှူးက မောင်တော ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက်ဟုဆိုကာ ၂၀၁၂ ခုနှစ်တွင် သိမ်းယူခဲ့သည်။ လယ်မြေများကို သိမ်းယူပြီးနောက် မူလပိုင်ရှင်များကို မငှားမနေရ စနစ်ဖြင့် ပြန်လည်ငှားရမ်းခဲ့သည်။ လယ်မြေတစ်ဧကကို တစ်နှစ်လျှင် ငွေကျပ် ၁၅၀၀၀/- နှုန်းဖြင့် မူလပိုင်ရှင် ၁၂၀ ဦးကို ပြန်လည်ငှားရမ်းခဲ့ခြင်း ဖြစ်သည်။ ငှားရမ်းခများကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ တဆင့် ကောက်ခံခဲ့သည်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ နှစ်စဉ် ကောက်ခံပြီးနောက် ၂၀၁၆ ခုနှစ်မှစ၍ နှစ်စဉ် ငှားရမ်းခ ကောက်ခံခြင်းကို ရပ်ဆိုင်းထားခဲ့သည်။ 

ယခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဦးလှဖေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာစ်မော်တူလ္လာက ခရိုင်အုပ်ချုပ်ရေးမှူးက လယ်မြေငှားရမ်းခ အကြွေးများ ပေးသွင်းရန် သြဂုတ်လ ၃၀ ရက်နေ့တွင် ဖုန်းဆက်၍ အမိန့်ပေးခဲ့သည်ဟုဆိုကာ ၎င်းကိုယ်တိုင် လက်မှတ်ထိုး၍ လယ်သမားများထံ အကြောင်းကြားစာတစ်စောင် ပေးပို့ခဲ့သည်။ 

လယ်သမားများက အကြောင်းကြားစာ ရပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံခဲ့သည်။ အုပ်ချုပ်ရေးမှူးက ယခင်က တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀/- နှုန်းဖြင့် ငှားရမ်းခဲ့သော်လည်း ယခုအခါ တစ်ဧကလျှင် ၃၀၀၀၀/- ကျပ်နှုန်း ကောက်ခံရန်အတွက် ခရိုင်အုပ်ချုပ်ရေးမှူးက အမိန့်ပေးထားသည်ဟု ပြောဆိုခဲ့သည်။ 

၂၀၁၆ ခုနှစ်မှစ၍ ယခုနှစ်ထိ ငှားရမ်းခများ ကောက်ခံခြင်း မရှိပဲ၊ ယခုမှ ကျေးရွာအုပ်ချုပ်ရေးမှူးက ခရိုင်အုပ်ချုပ်ရေးမှူး၏ အမိန့်ဟုဆိုကာ ငွေတောင်းခံနေခြင်းမှာ သံသယဖြစ်ဖွယ်ရာ ဖြစ်နေသည်ဟု လယ်သမားများက ဆိုကြသည်။ 

“ကျေးရွာအုပ်ချုပ်ရေးမှူးက ကျွန်တော်တို့ကို အောက်တိုဘာလ ၂၄ ရက်နေ့မှာ အကြောင်းကြားစာ ပို့တယ်။ စာထဲမှာ ခရိုင်အုပ်ချုပ်ရေးမှူးက သြဂုတ်လ ၃၀ ရက်နေ့မှာ အမိန့်ပေးတယ်လို့ ရေးထားတယ်။ နှစ်လ နီးပါးကြာမှ ဘာကြောင့် စာပို့ရသလဲ။ အဲဒီ နှစ်လနီးပါး အချိန်အတွင်းမှာ ခရိုင်အုပ်ချုပ်ရေးမှူး ပြောင်းသွားတယ်။ အဲဒီတော့ ကျွန်တော်တို့က အခုကိစ္စမှာ ရွာအုပ်ချုပ်ရေးမှူးက သူငွေရဖို့ ကြံဖန်နေတယ်လို့သာ မြင်တယ်” ဟု လယ်သမားတစ်ဦးက Rohingya Today သို့ပြောသည်။ 

၂၀၁၂ ခုနှစ်တွင် သိမ်းဆည်းခံရသည့် လယ်မြေဧက ၂၅၀ မှာ ဒေသခံရိုဟင်ဂျာများ ဘိုးဘွားဘီဘင် လက်ထက်ကပင် ပိုင်ဆိုင်ခဲ့သည့် လယ်မြေများ ဖြစ်ပြီး၊ သိမ်းဆည်းခံရပြီးနောက် အလုပ်လက်မဲ့ဖြစ်နေသောကြောင့် ပြန်လည် ငှားရမ်း၍ လုပ်ကိုင်နေရခြင်း ဖြစ်သည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ