အမေရိကန်နိုင်ငံခြားရေးဌာနမှ ကိုယ်စားလှယ်များ စစ်တွေမှ ဒုက္ခသည်များနှင့် တွေ့ဆုံဆွေးနွေး
အောင်ဇံဝေ Rohingya Today

စစ်တွေ ။ ။ အမေရိကန်နိုင်ငံ အာရှပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Stilwell ဦးဆောင်သည့် အဖွဲ့သည် အောက်တိုဘာလ ၂၈ ရက်နေ့တွင် စစ်တွေမြို့ရှိ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်ဥက္ကဌ တို့နှင့် တွေ့ဆုံပြီးနောက် ညနေပိုင်းတွင် ရိုဟင်ဂျာများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ 

လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့သည် သက္ကေပြင်ဒုက္ခသည်စခန်းသို့ ညနေ ၄ နာရီခန့်တွင် ရောက်ရှိလာခဲ့သည်။ ၎င်းတို့နှင့်လိုက်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆွေးနွေးသည့်အခန်းသို့ ဝင်ရောက်မလာဘဲ အပြင်ဘက်မှ လုံခြုံရေးဆောင်ရွက်ခဲ့သည်။ 

တွေ့ဆုံဆွေးနွေးပွဲ အစပိုင်းတွင် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူက “ခင်ဗျားတို့ အချိန်ကုန်ခံပြီး ဆွေးနွေးပွဲကို လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့က မကြာခဏ လာတယ်။ ခင်ဗျားတို့လည်း လာရောက် ဆွေးနွေးတယ်။ ဒါပေမယ့် အောင်မြင်မှုတစ်စုံတစ်ရာ မရခဲ့တဲ့အပေါ် ခင်ဗျားတို့ စိတ်ပျက်နေတာကိုလည်း ကျွန်တော်တို့ နားလည်တယ်။ အခု ခရီးစဉ်အောင်မြင်အောင် အထူးကြိုးစားနေတယ်” ဟု ပြောဆိုခဲ့သည်။ 

ထို့နောက် ယခုခရီးစဉ်၏ ရည်ရွယ်ချက်သည် ရခိုင်ပြည်နယ်ရှိ လူမျိုးစုနှစ်စု ပြန်လည်သင့်မြတ်ရေး၊ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် ဆွေးနွေးရန် လာရောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ပြည်နယ်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး ဖြစ်ကြောင်း၊ ရိုဟင်ဂျာများ၏ အသံကိုလည်း ကြားချင်ကြောင်း ပြောဆိုသောအခါ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ရိုဟင်ဂျာတစ်ဦးက “ကျွန်တော်တို့ကို နိုင်ငံသားအခွင့်အရေး ပြန်ပေးပြီး၊ ကျွန်တော်တို့ ဆုံးရှုံးနေရတဲ့ ပညာရေး၊ ကျန်းမာရေး၊ သွားလာရေး၊ စီးပွားရေး အခွင့်အရေးတွေ တန်းတူ ရရှိရေးတွေကို အမြန်ဆုံး ဆောင်ရွက်ပေးမှသာ အတူယှဉ်တွဲ နေထိုင်ရေး၊ ပြန်လည်သင့်မြတ်ရေးတွေ ဖြစ်လာမယ်” ဟု ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးက Rohingya Today သို့ပြောသည်။ 

၎င်းက ဆက်လက်၍ ဒုက္ခသည်စခန်းများ ပိတ်သိမ်းပြီး ပြန်လည်နေရာချထားရန် စီစဉ်နေသည်ဟု ကြားသိရကြောင်း၊ စခန်းများ ဖျက်သိမ်းပြီး တစ်နေရာရာတွင် အိမ်များဆောက်၍ ပြောင်းရွှေ့ခိုင်းလျှင် ရမှာ မဟုတ်ကြောင်း၊ မိမိတို့ လက်ခံမှာ မဟုတ်ကြောင်း၊ စခန်းများ မပြောင်းရွှေ့ခင် အခြေခံလိုအပ်ချက်များ ဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ သွားလာရေး၊ အလုပ်အကိုင်ရရှိရေး စသည်တို့ကို ဖြည့်ဆည်းပေးမှသာ မိမိတို့ လက်ခံမှာ ဖြစ်သည်ဟု တင်ပြခဲ့သည်။ 

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ရိုဟင်ဂျာနောက်တစ်ဦးက “ရခိုင်ပြည်နယ်က ပြဿနာ ဖြေရှင်းဖို့ နောက်ထပ် အချိန်ဘယ်လောက်ထိ လိုပါမလဲ” ဟု မေးမြန်းရာ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က “အချိန် ဘယ်လောက်လိုတယ်ဆိုတာ ကျွန်တော်တို့ မပြောနိုင်ဘူး” ဟု ဖြေကြားခဲ့သည်။ 

မေးမြန်းသူက “ပြဿနာဖြစ်နေတာ အခု ၇ နှစ်ကျော်ပြီ၊ အဲဒီအချိန်ကတည်းက ယူအန်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အင်အားကြီးနိုင်ငံတွေက ကိုယ်စားလှယ်အဖွဲ့တွေ အများကြီး လာဆွေးနွေးခဲ့တယ်။ တိုးတက်မှုဆိုတာ ဘာမှ မရခဲ့ဘူး။ ရိုဟင်ဂျာတွေရဲ့ ခံစားချက်ကို ဘယ်သူမှ နားမလည်ကြဘူး။ အခု ခင်ဗျားတို့လည်း ဒီပြဿနာကို တကယ်ဖြေရှင်းမယ်ဆိုရင် ကိုင်တွယ်ကြပါ။ မဖြေရှင်းနိုင်ရင် မြန်မာအစိုးရကို လွှဲပေးလိုက်ပါ။ မြန်မာအစိုးရက ကျွန်တော်တို့ကို သတ်ပါစေ၊ မျိုးတုံးသွားအောင် လုပ်ပါစေ၊ ကျွန်တော်တို့ ကံတရားကို ကျွန်တော်တို့ ခံသွားပါမယ်” ဟု စိတ်ပျက်လက်ပျက်ဖြင့် ဆက်လက်ပြောဆိုသောအခါ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က “နိုင်ငံတကာအဖွဲ့အစည်းတွေမှာ ကန့်သတ်ချက်တွေရှိတယ်၊ လုပ်ချင်တိုင်း လုပ်လို့မရဘူး၊ အဲဒါကြောင့် အချိန်ဆွဲရတာ၊ ဒေါသ၊ မောဟနဲ့ အလုပ်လုပ်လို့ မရဘူး။ ဖြည်းဖြည်းချင်း စဉ်းစားပြီး လုပ်ရတယ်” ဟု ပြောဆိုနှစ်သိမ့်၍ ညနေ ၄း၃၀ နာရီတွင် ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ