ဘူးသီးတောင် အခြေစိုက် တပ်ရင်း ၃၅၂ မှ ဒုတပ်ရင်းမှူးက သူခိုးများနှင့် ပေါင်းပြီး ကျွဲ၊ နွားများကို တပ်ရင်းအတွင်း ထိန်းသိမ်းထားပြီး ပိုင်ရှင်များထံမှ ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း၊ တပ်မိချောင်းအခြေစိုက် တပ်ရင်း (၃၅၂) မှ ဒုတပ်ရင်းမှူးသည် သူခိုးများနှင့် ပူးပေါင်း၍ ကျွဲ၊ နွားများ ခိုးယူပြီး တပ်ရင်းအတွင်း ထိန်းသိမ်းထားပြီးနောက် ပိုင်ရှင်က လာတောင်းလျှင် ငွေညှစ်ပြီး၊ ပိုင်ရှင်က လာမတောင်းသည်များကို ရောင်းစားသည်။ 

အောက်တိုဘာလ (၁၅) ရက်နေ့ ညနေပိုင်းတွင် ဘူးသီးတောင်မြို့နယ် ငရှည်ထောက်ကျေးရွာအုပ်စု၊ သရေကုန်တန်းရွာမှ ဦးအဒူရှုကူရ် (ဘ) ဦးလီယာခေါတ်အလီ ပိုင်ဆိုင်သည့်နွားများကို နွားကျောင်းသားက တောင်ခြေစားကျက်တွင် ကျောင်းနေစဉ် တပ်မိချောင်းကျေးရွာ အခြေစိုက် (၃၅၂) တပ်ရင်း၏ သတင်းပေး၊ လက်ကိုင်တုတ် ဆိုင်ဖုလ္လား (ဘ) ဦးဒိလ်မာမတ် က တောလမ်းမှ ပုန်းလျှိုကွယ်လျှိုဖြင့် နွား (၆) ကောင်ကို နွားကျောင်းသား မမြင်အောင် ခိုးယူသွားခဲ့သည်။ ထို့နောက် နွားများကို (၃၅၂) တပ်ရင်းမှ ဒုတပ်ရင်းမှူးထံ အပ်နှံခဲ့သည်။ 

ညနေပိုင်းတွင် နွားပိုင်ရှင်ဖြစ်သူ ဦးအဒူရှုကူရ်က နွားထီး ၆ ကောင် ရှာမတွေ့သဖြင့် ရှာခဲ့သော်လည်း နောက်တစ်နေ့ အောက်တိုဘာလ (၁၆) ရက်နေ့တွင် တပ်ရင်း (၃၅၂) ထဲရှိ ဘောလုံးကွင်း၌ ချည်ထားသည်ကို တွေ့ရှိခဲ့သည်။ 

ထို့နောက် ဦးအဒူရှုကူရ်က ဒုတပ်ရင်းမှူးထံသွားရောက်၍ ချည်ထားသည့် နွားများမှာ မိမိ၏ နွားများ ဖြစ်ကြောင်း ပြောဆို၍ နွားများကို ပြန်ယူသွားနိုင်ရန် ခွင့်တောင်းသောအခါ ဒုတပ်ရင်းမှူးက “မင်းတို့ ဘင်္ဂလီတွေ ဥစ္စာပစ္စည်း ပိုင်ဆိုင်ခွင့်ရှိလား၊ တိုင်းရင်းသားတွေပဲ ပိုင်ဆိုင်ခွင့်ရှိတာ၊ မင်းတို့ ဘင်္ဂလီကုလားတွေ မြန်မာနိုင်ငံမှာ ဘာမှ ပိုင်ဆိုင်ခွင့်မရှိဘူး” ဟု အမျိုးမျိုးစော်ကားပြောဆိုပြီးနောက် နွား (၃) ကောင်သာ ပြန်ပေးမည် ပြောဆိုခဲ့သည်။ 

ဦးအဒူရှုကူရ်က မိမိ၏ နွားများကို ထိန်းသိမ်းထားသည့်အတွက် ကျေးဇူးတင်ကြောင်း၊ အစဉ်အလာအရ ကန်တော့သွားမည် ဖြစ်ကြောင်း၊ သို့သော်လည်း နွား ၃ ကောင်တော့ မပေးနိုင်ကြောင်း ပြောရာ ဒုတပ်ရင်းမှူးက “နွားတစ်ကောင်တောင် မပေးဘူး” ဟု ပြောဆိုသည့်အပြင် ဆဲဆို၍ တပ်ရင်းမှ နှင်ထုတ်ခဲ့သည်။ 

ဦးအဒူရှုကူရ်က အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဒုတပ်ရင်းမှူးက နွားများကို မပေးသည့်အပြင် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခဲ့သည်။ 

ဦးအဒူရှုကူရ်က အောက်တိုဘာလ (၁၉) ရက်နေ့တွင် ငရှည်ထောက်ကျေးရွာအုပ်ချုပ်ရေးမှူးကို စေလွတ်ပြီး ငွေကျပ် (၃) သိန်းပေးမှသာ နွားများကို ပြန်ပေးခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

တပ်ရင်း (၃၅၂) မှ ဒုတပ်ရင်းမှူးသည် ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းတွင် မြန်မာစစ်တပ် ရိုဟင်ဂျာများကို အကြမ်းဖက်ပြီးနောက် ဆိုင်ဖုလ္လာ အပါအဝင် ငရှည်ထောက်ကျေးရွာမှ သူခိုး ၄ ဦးကို မွေးစားထားပြီး အနီးအနား ကျေးရွာများမှ ကျွဲ၊ နွားများ ခိုးယူ၍ တပ်ရင်းဝင်းအတွင်း၌ ထိန်းသိမ်းထားသည်။ ခိုးယူထားသည့် ကျွဲ၊ နွားများကို မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များမှ ကျွဲ၊ နွားကုန်သည်များထံ ရောင်းချလေ့ရှိသည်။ တစ်နှစ်အတွင်း ကျွဲ၊ နွား အကောင်ရေ ၅၀ ခန့် ခိုးယူ၍ ရောင်းချခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ