ဘူးသီးတောင် နယ်ခြားစောင့်ရဲ တပ်ခွဲ (၃) မှ တပ်ကြပ်ကြီးမြင့်စိုးက ရိုဟင်ဂျာများကို လုပ်ကြံ၍ ငွေညှစ်၊ ဖမ်းဆီးရိုက်နှက်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ခွဲ (၃) (ယခင် အမှတ် ၁၃ လုံထိန်းတပ်ရင်း) တွင် တာဝန်ထမ်းဆောင်နေသည့် တပ်ကြပ်ကြီးမြင့်စိုး က ရိုဟင်ဂျာများကို လုပ်ကြံ၍ ငွေညှစ်ခြင်း၊ မတရားသဖြင့် ဖမ်းဆီးရိုက်နှက်ခြင်းများ ပြုလုပ်လျက်ရှိသည်။ 

ယခုလ လဆန်းပိုင်းတွင် ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပြင်ကျယ်ကျေးရွာမှ ဦးမာမတ်အာမီးန်က ၎င်း၏ ဆိုင်ကယ်ကို ဂန္ဓမာကျေးရွာ လမ်းဘေးတွင်ထား၍ ရွာထဲသို့ ဝင်သွားစဉ် တပ်ကြပ်ကြီးမြင့်စိုး ရောက်ရှိလာပြီး ဆိုင်ကယ်ထဲသို့ WY စိတ်ကြွဆေးပြား (၃) ပြား ထည့်သွင်းထားပြီး မနီးမဝေးတွင် စောင့်နေခဲ့သည်။ ဦးမာမတ်အာမီးန် ပြန်လည်ရောက်ရှိလာပြီး ဆိုင်ကယ်စီးသွားစဉ် တပ်ကြပ်ကြီးမြင့်စိုးက စစ်ဆေးလိုသည်ဟုဆိုကာ ရပ်တန့်ခိုင်းပြီး၊ ၎င်းထည့်ထားသည့် WY စိတ်ကြွဆေးပြား (၃) ပြားကို ထုတ်ယူခဲ့သည်။ ထို့နောက် တပ်ကြပ်ကြီးမြင့်စိုးက ဦးမာမတ်အာမီးန်ကို စိတ်ကြွဆေးပြား ရောင်းဝယ်နေသည်ဟု စွပ်စွဲပြီး ငွေကျပ် ၅ သိန်းတောင်းခံခဲ့သည်။ ဦးမာမတ်အာမီးန်က ၎င်းသည် ဆင်းရဲသားတစ်ဦးဖြစ်ကြောင်း၊ နေ့စားအလုပ်လုပ်နေသူတစ်ဦး ဖြစ်ကြောင်း၊ ဆိုင်ကယ်ကိုလည်း လူတစ်ဦးထံမှ ငှားယူလာခြင်း ဖြစ်ကြောင်း၊ ငွေ ၅ သိန်းမရှိကြောင်း ပြောရာ တပ်ကြပ်ကြီးမြင့်စိုးက ငွေမပေးပါက ဖမ်းဆီးချုပ်နှောင်ထားမည်ဟု ဆိုကာ လက်ထိပ်ခတ်၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ခွဲ (၃) သို့ ခေါ်ဆောင်သွားပြီး ချုပ်နှောင်ထားသည်ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။  ငွေမပေးနိုင်သည့် ဦးမာမတ်အာမီးန်ကို ယခုအချိန်ထိ ချုပ်နှောင်ထားသည်။ 

တပ်ကြပ်ကြီးမြင့်စိုးသည် အောက်တိုဘာလ (၁၁) ရက်နေ့တွင် ဘူးသီးတောင်မြို့ပေါ်တွင် လည်ပတ်၍ အပြစ်မဲ့များထံမှ ငွေညှစ်ရန် လူရှာနေစဉ် အမှတ် (၄) ရပ်ကွက် ခွဆုံ၌ လက်ဝဲဒက်ပုဇွန်ချောင်းကျေးရွာမှ ဦးအာမာန်အုလ္လာနှင့် ညီဖြစ်သူ ပူတိယားတို့ကို တွေ့ရှိသွားပြီး စကားတစ်ခွန်းမှပင် မပြောဘဲ အကြောင်းမဲ့ လူအများ ရှေ့မှောက်တွင် ထိုးကြိတ်ခဲ့သည်။ ထို့နောက် တပ်ကြပ်ကြီးမြင့်စိုး ညီအစ်ကိုနှစ်ဦးကို လက်ဝဲဒက်ပုဇွန်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးကို စော်ကားဆဲဆိုခဲ့သည့်အတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ တိုင်ကြားထားသည်ဟု ပြောဆိုပြီး၊ နှစ်ဦးစလုံးကို ဖမ်းဆီးထောင်ချမည်ဟု ခြိမ်းခြောက်ကာ ငွေကျပ် (၄) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

အောက်တိုဘာလ (၁၃) ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ် အမှတ် (၅) ရပ်ကွက်မှ ဦးနုရ်အာလာမ်နှင့် ၎င်း၏ အလုပ်သမားနှစ်ဦးတို့သည် ဆိုင်ကယ်ကို ဂန္ဓမာကျေးရွာခွဆုံ လမ်းဘေးတွင် ထား၍ စားကျက်၌ နွားကျောင်းနေစဉ် တပ်ကြပ်ကြီးမြင့်စိုးနှင့် ဂန္ဓမာ (န.တ.လ) ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ရောက်ရှိလာပြီး ဆိုက်ကယ်ကို တွန်း၍ လဘက်ရည်ဆိုင်ထဲသို့ ယူဆောင်သွားခဲ့သည်။ ထိုသို့ ယူဆောင်သွားသည်ကို အလုပ်သမားနှစ်ဦးက တွေ့ရှိသွားပြီး ဦးနုရ်အာလာမ်ကို ပြောသဖြင့် ဦးနုရ်အာလာမ်က တပ်ကြပ်ကြီးမြင့်စိုးထံ သွား၍ “ဆိုင်ကယ်ကို ဘာကြောင့် ယူသွားရတာလဲ” ဟု မေးရာ တပ်ကြပ်ကြီးမြင့်စိုးက “မင်းနဲ့ဘာဆိုင်လို့လဲ မအေ-ိုးကုလား၊ မင်းဘာကောင်လဲ” ဟုဆဲဆိုပြီး လက်သီးဖြင့် ထိုးခဲ့သည်။ ဦးနုရ်အာလာမ်က မိမိ၏ ဆိုင်ကယ်ဖြစ်သောကြောင့် လာရောက် မေးမြန်းရခြင်း ဖြစ်ကြောင်း ပြောသော်လည်း တပ်ကြပ်ကြီးမြင့်စိုးက “မအေ-ိုးကုလား ဒါမင်းဆိုင်ကယ်မဟုတ်ဘူး။ လမ်းပေါ်မှာ ဆိုင်ကယ်ဘာလုပ်ထားတာလဲ၊ ဒီလမ်းက ငါတို့ တိုင်းရင်းသားတွေအတွက် မင်းတို့ကုလားတွေအတွက် မဟုတ်ဘူး” ဟု အမျိုးမျိုး စော်ကားဆဲပြီး ထပ်မံထိုးကြိတ်ပြီးနောက် လမ်းပေါ်တွင် ဆိုင်ကယ်ထားသည့်အတွက်ဟု ဆိုကာ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ 

တပ်ကြပ်ကြီးမြင့်စိုးက ယခုကဲ့သို့ မဟုတ်မမှန် လုပ်ကြံဖန်တီး၍ ငွေညှစ်ခြင်း၊ ထိုးကြိတ်ရိုက်နှက်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ထားခြင်းများ ပြုလုပ်နေသည်ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ခွဲ (၃) တပ်ရင်းမှူးက သိသော်လည်း ဟန့်တားခြင်း မရှိသည်မှာ တပ်ကြပ်ကြီးမြင့်စိုးထံမှ ဝေစုရရှိနေသောကြောင့် ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ