ဘူးသီးတောင် သိမ်တောင်ပြင်တွင် စစ်ဗျူဟာမှူး အမည်သုံး၍ လွှတိုက်သမားများထံမှ သစ်သားများ ကောက်ခံလျက်ရှိပြီး မပေးနိုင်သူကို သတ်ပစ်မည်ဟု ခြိမ်းခြောက်
သိမ်းဝေ Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ သိမ်တောင်ပြင်ကျေးရွာအုပ်စု၊ သိမ်တောင်ပြင်မွတ်စလင်ရွာတွင် ရွာသားတစ်ဦးက စစ်ဗျူဟာမှူး နာမည်သုံး၍ ရွာရှိ သစ်ခွဲသည့် လွှတိုက်သမားများထံမှ သစ်သားများ ကောက်ခံပြီး မပေးနိုင်သူများကို ဆဲဆိုပြီး သတ်ပစ်မည်ဟု ခြိမ်းခြောက်လျက် ရှိသည်။

သိမ်တောင်ပြင်မွတ်စလင်ရွာမှ ဦးလာလ်‌မျာ (ဘ) ဦးအဒူလီ (အသက်‌ ၅၅ ‌-နှစ်) သည် စစ်ဗျူဟာမှူး အတွက်ဆိုကာ ရွာရှိ သစ်ခွဲသည့် လွှတိုက်သမား ဆင်းရဲသားများထံမှ သစ်သားများ ၃-လ နီးပါး ကောက်ခံပြီး သစ်သား ၃-တန်နီးပါးကို ၎င်း၏အိမ်တွင် စုဆောင်းထားသည်။ 

ဦးလာလ်မျာသည် ယခုရက်ပိုင်းတွင် ရွာသားများ အိပ်ပျော်နေသည့် ည ၁၀ နာရီကျော် နောက်ပိုင်း အချိန်တွင် သစ်သားမရှိ၍ မပေးနိုင်သည့် လွှတိုက်သမား ဦးအာယုဗ် (ဘ) ဦးဟာလာမျာ (အသက် ၃၅ နှစ်) ၏ နေအိမ်သို့ သွားရောက်၍ စစ်ဗျူဟာမှူး အမည်ကို ရွတ်ပြပြီး ဆဲဆိုခြင်း၊ အိမ်နံရံများကို ကန်ကျောက်ခြင်း၊ မပေးလျှင် အသတ်ခံရမည်ဟု ခြိမ်းခြောက်ခြင်း စသည်ဖြင့် သောင်းကျန်းမှုများ ပြုလုပ်သောကြောင့် ဘေးပတ်ဝန်းကျင်မှ အိမ်နီးချင်းများ အိပ်ရေးပျက်လျက် ရှိကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

ဦးလာလ်မျာသည် သိမ်တောင်ပြင်တွင် ယခင်က နှစ် ၂၀-တိတိ ရ.ယ.က အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆာင်ခဲ့စဉ်က ရွာသားများကို နည်းမျိုးစုံဖြင့် နှိပ်စက်ခဲ့ပြီး ၂၀၁၀ ခုနှစ် နောက်ပိုင်းမှ ယခုအချိန်ထိ ကျေးရွာတာဝန်ခံ၊ နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်း၍ ၎င်းတို့၏ လက်ကိုင်တုတ်အဖြစ် ဆောင်ရွက်၍ ရွာသားများကို မဟုတ်မမှန်စွပ်စွဲ၍ ငွေညှစ်စေပြီး ဝေစုထုတ်ယူလေ့ရှိသည့်အပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ စစ်တပ်၊ အစိုးရဌာနဆိုင်ရာများ၏ အမည်များသုံး၍ ငွေကြေးနှင့် ပစ္စည်းအမျိုးမျိုး ကောက်ခံလျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ