ဘူးသီးတောင် ကံ့ကော်မြိုင်မှ န.တ.လ ရွာသားများက ရိုဟင်ဂျာ စားသောက်ဆိုင်ကို ဖြိုဖျက်ပြီး လူများကို ဓါးဖြင့်ထိုး၊ ရိုက်နှက်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ကံ့ကော်မြိုင်မှ န.တ.လ ရွာသားများက ဘုရားပြင်အောင်ပဈေး (ညောင်ချောင်းဈေး) မှ ရိုဟင်ဂျာစားသောက်ဆိုင်ကို ဖြိုဖျက်သည့်အပြင် လူများကိုလည်း ဓါးဖြင့်ထိုး၊ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်။ 

အောက်တိုဘာလ (၂၀) ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန်တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ကံ့ကော်မြိုင် န.တ.လ ရွာမှ ထွန်းစိန်မောင် ဆိုသူသည် ဘုရားပြင်အောင်ပဈေး (ညောင်ချောင်းဈေး) ၏ အနောက်ဘက်ရှိ ဦးဆာဒဲခ်ဟူစိန်း၏ စားသောက်ဆိုင်သို့ ရောက်ရှိလာပြီး ဆေးလိပ်တောင်းရာ ဆိုင်ရှင်ဖြစ်သူ ဦးဆာဒဲခ်ဟူစိန်းက ၎င်း၏ ဆိုင်တွင် ဆေးလိပ်မရောင်းသဖြင့် “ဒီဆိုင်မှာ ဆေးလိပ်မရောင်းဘူး” ဟု ပြန်ဖြေသော်လည်း ထွန်းစိန်မောင်က ဆိုင်ရှင်ဖြစ်သူကို အကြောင်းမဲ့ ပါးနှစ်ချက် ရိုက်ခဲ့သည်။ 

ထို့နောက် ထွန်းစိန်မောင်သည် ဆိုင်ရှင်နှင့် အပြန်အလှန် စကားများပြီး ဆိုင်မှ ထွက်ကာ ဆိုင်ဘေးတွင် ဆိုင်ကယ် ပြုပြင်နေသည့် ရှုးမိုင်ရ် (ဘ) ဦးဟာမိတ်ကို စကားတစ်ခွန်းမှ မပြောဘဲ အသင့်ပါလာသည့် သံတုတ်ဖြင့် ရိုက်နှက်ခဲ့သည်။ ၎င်းသည် စားသောက်ဆိုင်ထဲသို့ တစ်ဖန် ဝင်ရောက်လာရာ ဆိုင်ရှင်ဖြစ်သူက ပြဿနာမရှာဘဲ အေးဆေး ပြန်သွားရန် ကောင်းမွန်စွာ ပြောဆိုသော်လည်း ဆိုင်ရှင်ဖြစ်သူကို သံတုတ်ဖြင့် ရိုက်နှက်သည့်အပြင် လက်သီးဖြင့်လည်း ထိုးကြိတ်သဖြင့် ဆိုင်ရှင်ဖြစ်သူက ခုခံခဲ့သည်။ 

ထွန်းစိန်မောင်သည် ကံ့ကော်မြိုင်ရွာသို့ ပြန်သွားပြီး မောင်ချေနှင့် ကိုလှ အပါအဝင် ၎င်း၏ ဆွေမျိုးသားချင်း အချို့ကို ခေါ်လာပြီး ဦးဆာဒဲခ်ဟူစိန်း၏ စားသောက်ဆိုင်ထဲသို့ ဝင်လာပြီး ဦးဆာဒဲခ်ဟူစိန်း ကို ထပ်မံ၍ ထိုးကြိတ်ခဲ့သည်။ ထိုစဉ် ဦးဆာဒဲခ်ဟူစိန်း၏ အစ်ကိုများ ဖြစ်ကြသည့် ဦးအဒူဂေါ်နီ၊ ဦးဝါစ်ကရိုနီ တို့ပြေးဝင်လာပြီး နှစ်ဖက် အပြန်အလှန် ထိုးကြိတ်မှုများ ဖြစ်ပွားပြီးနောက် န.တ.လ ရွာသားများ ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

ဦးဆာဒဲခ်ဟူစိန်းတို့ ညီအစ်ကို သုံးဦးက ၎င်းတို့၏ ညီတစ်ဝမ်းကွဲ တော်စပ်သူ ဦးဟာမီဒူရာမာန်နှင့် ဦးလေးတော်စပ်သူ ဦးအာယုဖ် တို့နှစ်ဦးကို ဆိုင်စောင့်စေပြီး၊ ၎င်းတို့က ညောင်ချောင်း နယ်မြေစခန်းသို့ တိုင်တန်းရန် သွားရောက်နေစဉ် ထွန်းစိန်မောင် အပါအဝင် န.တ.လ ရွာသား (၁၀) ဦးကျော်တို့သည် တုတ်၊ ဓါးများ ကိုင်ဆောင်ပြီး စားသောက်ဆိုင်သို့ ပြန်လည် ရောက်ရှိလာပြီး၊ စားသောက်ဆိုင်ကို ဖြိုဖျက်ခဲ့သည်။ ထို့အပြင် ဆိုင်စောင့်နေသည့် ဦးဟာမီဒူရာမာန်၏ ခါး၊ လက်၊ ပေါင်တို့ကို ဓါးဖြင့် လေးချက်တိတိ ထိုးပြီး၊ ဦးအာယုဖ်ကိုလည်း ဓါးဖြင့်တစ်ချက် ထိုးခဲ့ကြောင်း မျက်မြင်သက်သေများက Rohingya Today သို့ပြောသည်။ စားသောက်ဆိုင်ရှိ တီဗွီ၊ စားပွဲခုံ၊ ထိုင်ခုံ၊ အိုးခွက်ပန်းကန်များ၊ စားသောက်ဖွယ်ရာများ စုစုပေါင်း တန်ဖိုး ငွေကျပ် သိန်း ၂၀ ဖိုးကိုလည်း ဖျက်ဆီးခဲ့သည်။ 

နယ်မြေရုံးသို့ သွားရောက်တိုင်တန်းနေသည့် ဦးဆာဒဲခ်ဟူစိန်း တို့ ညီအစ်ကို သုံးဦးကို နယ်မြေရုံးမှ ပြဿနာ ကြီးကျယ်သွားမည်ကို စိုးရိမ်၍ ခေတ္တထိန်းသိမ်းထားပြီး နယ်ခြားစောင့်ရဲများ စေလွတ်ခဲ့သည်။ ထွန်းစိန်မောင်တို့ အဖွဲ့က ဆိုင်ကို ဖြိုဖျက်၍ ထွက်သွားပြီးမှ နယ်ခြားစောင့်ရဲများ ဆိုင်သို့ရောက်ရှိခဲ့သည်။ 

ထို့နောက် နယ်မြေမှူးက ပြဿနာဖြေရှင်းရန် နှစ်ဖက်စလုံးကို နယ်မြေစခန်းသို့ ဆင့်ခေါ်သော်လည်း ထွန်းစိန်မောင်တို့အဖွဲ့က နယ်မြေမှူး၏ အမိန့်ကို မနာခံဘဲ ဘူးသီးတောင်မြို့ပေါ်သို့ ထွက်သွားခဲ့သည်။ ဦးဆာဒဲခ်ဟူစိန်း အပါအဝင် ဓါးထိုးခံရသူများကို နယ်မြေမှ ဆေးကုသရန်အတွက် စာထုတ်ပေးသဖြင့် ဘူးသီးတောင်ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ