မောင်တောမြို့နယ် မြောက်ပိုင်းတွင် ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြားများတွေ့ရှိ
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ကြက်ရိုးပြင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ခွဲ (၆) မှ တပ်ဖွဲ့ဝင်များသည် လုံခြုံရေးဆောင်ရွက်နေစဉ် ငန်းချောင်းကျေးရွာအဝင် ငန်းချောင်းတောင်ရွာ တောင်ကုန်းပေါ်ရှိ ချုံပုတ်ထဲတွင် WY စိတ်ကြွဆေးပြားများထည့်ထားသည့် အိတ်တစ်လုံးကို တွေ့ရှိခဲ့သည်။ 

ကြက်ရိုးပြင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ခွဲ (၆) မှ နယ်ခြားစောင့်ရဲများသည် အောက်တိုဘာလ (၁၄) ရကေ်န့တွင် ငန်းချောင်းကျေးရွာ၌ လုံခြုံရေးဆောင်ရွက်နေစဉ် ဖားဝပ်ချောင်းကျေးရွာမှ ငန်းချောင်းတောင်ရွာသို့ အဝင် ရွာညိုတောင်သို့ သွားသည့်လမ်း ခွဆုံအရှေ့ဘက်ရှိ တောင်ကုန်းပေါ်ရှိ အိမ်အလွတ်များတွင် ဝင်ရောက်၍ ခေတ္တတည်းခိုနေစဉ် တောင်ကုန်းပေါ်ရှိ ချုံပုတ်ထဲတွင် အိတ်တစ်လုံးတွေ့ရှိခဲ့သည်။ ယင်းအိတ်ထဲတွင် WY စိတ်ကြွဆေးပြား နှစ်သိန်းကျော်ရှိပြီး ပိုင်ရှင်မရှိသောကြောင့် အမှတ် (၅) နယ်မြေမှူး ထံ အပ်နှံလိုက်ကြောင်း စုံစမ်းသိရှိရသည်။ 

၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က ရိုဟင်ဂျာများကို အကြမ်းဖက် ဖြိုခွင်းသောကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြရာ ငန်းချောင်းရွာသား အများစုလည်း ထွက်ပြေးသွားကြသဖြင့် ငန်းချောင်းတောင်ရွာတွင် လူတစ်ဦးတစ်ယောက်မှ မရှိတော့ကြောင်း၊ ငန်းချောင်းကျေးရွာအုပ်စုတွင် အနည်းငယ် ကျန်ရှိနေသူများသည် ငန်းချောင်းဈေး၏ မြောက်ဘက်နှင့် အရှေ့ဘက်တို့တွင် နေထိုင်နေကြသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ယခု WY စိတ်ကြွဆေးပြားများ ထည့်ထားသည့် အိတ်ကို တွေ့ရှိသည့်နေရာသည် ငန်းချောင်းနှင့် တစ်မိုင်ကျော်ဝေးပြီး ဖားဝပ်ချောင်းရွာနှင့် ပို၍ နီးသည်။ WY ထည့်ထားသည့်အိတ်ကို ဖားဝပ်ချောင်းရွာသားများက ချုံပုတ်ထဲတွင် ဝှက်ထားခြင်းလည်း ဖြစ်နိုင်သလို၊ သယ်ဆောင်နေစဉ် နယ်ခြားစောင့်ရဲများကို တွေ့သဖြင့် ချုံပုတ်ထဲသို့ ပစ်ချ၍ ထွက်ပြေးသွားခြင်း ဖြစ်နိုင်ကြောင်း၊ WY အိတ်တွေ့ရှိသည့် တောင်ကုန်းပေါ်ရှိ အိမ်အလွတ်များတွင် စစ်သားများ မကြာခဏ လာရောက် တည်းခိုလေ့ရှိပြီး၊ စစ်သားများ ယူလာပြီး စုဆောင်းထားခြင်းလည်း ဖြစ်နိုင်ကြောင်း ဒေသခံများက အမျိုးမျိုး သုံးသပ် ပြောဆိုကြသည်။ သို့သော်လည်း အများစုက စစ်သားများ၏ WY အိတ်သာ ဖြစ်နိုင်သည်ဟု ဆိုသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များသို့ ရောက်ရှိလာသည့် WY စိတ်ကြွဆေးပြားများသည် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က သယ်ဆောင်လာခြင်း ဖြစ်ပြီး၊ ၎င်းတို့က WY လုပ်ငန်းလုပ်ကိုင်နေသူများကို ရောင်းချကြသည်။ အထူးသဖြင့် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့မှ တပ်ရင်းမှူးများ၊ ဗိုလ်မှူးများ၊ ရဲမှူးများ၊ ၎င်းတို့၏ ဇနီးများနှင့် သားသမီးများက သယ်လာကြခြင်း ဖြစ်သည်။ ၎င်းတို့က မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များရှိ WY လုပ်ငန်းရှင်များကို ရောင်းချကြသည်။ ၎င်းတို့ထံမှ ဝယ်ယူကြသူများနှင့် အလွန်ပင် ခင်မင်ရင်းနှီးစွာ ပေါင်းသင်းနေထိုင်ကြသည်။ 

WY လုပ်ငန်းလုပ်ကိုင်နေသူများသည် ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ စစ်တပ်၊ စ.ရ.ဖ၊ စ.စ.စ နှင့် မြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေးမှူးများ စသည်တို့ကို လစဉ် ဆက်ကြေးပေးရသည်။ ထိုသို့ ဆက်ကြေးပေးထားခြင်းကြောင့် လုပ်ငန်းလုပ်ကိုင်နေသူများကို ဖမ်းဆီးခြင်း မပြုလုပ်ဘဲ၊ ငွေကြေး အနည်းငယ်ယူ၍ သယ်ဆောင်ပေးသူများကိုသာ ပစ်မှတ်ထား၍ ဖမ်းဆီးလေ့ရှိသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ