မြို့နယ်အုပ်ချုပ်ရေးမှူး၏ ခိုင်းစေချက်အရဟု ဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးက အိမ်ဆောက်လုပ်သူများထံမှ ငွေတောင်းခံ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း ဆေးအိုးကျကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးက မြို့နယ်အုပ်ချုပ်ရေးမှူး၏ ခိုင်းစေချက်အရဟု ဆိုကာ အိမ်ဆောက်လုပ်နေသူများထံမှ ငွေတောင်းခံနေသည်။ 

ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း၊ ဆေးအိုးကျကျေးရွာမှ ရွာသူရွာသား အချို့သည် ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံလျက်ရှိသော်လည်း အများစုမှာ ရွာတွင် ဆက်လက်နေထိုင်လျက်ရှိသည်။ ရွာတွင်ရှိနေသည့် မိသားစု ၂၀ ကျော်က ၎င်းတို့၏ နေအိမ်များ ဟောင်းနွမ်းပျက်စီးနေသောကြောင့် အိမ်အသစ်များ ဆောက်လုပ်ခဲ့ကြသည်။

အိမ်သစ်များ ဆောက်လုပ်သည်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကာမာလ်ဟူစိန်းက မြို့နယ်အုပ်ချုပ်ရေးမှူး ထံမှ အိမ်ဆောက်လုပ်ခွင့် ရယူပေးမည်ဟု ဆိုကာ အိမ်ဆောက်လုပ်သူများထံမှ ငွေကျပ် ၅ သိန်းမှ ၈ သိန်း အထိ ရယူခဲ့သည်။ ဆောက်လုပ်နေသူများက ငွေပေးလိုက်သောကြောင့် အိမ်များကို စိတ်ချလက်ချဖြင့် ပြီးစီးအောင် ဆောက်လုပ်ခဲ့သည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူးက မြို့နယ်အုပ်ချုပ်ရေးမှူးကို ငွေပေးခြင်း ရှိ/မရှိ မသိရသည့်အပြင် အိမ်ဆောက်လုပ်ရန် ခွင့်ပြုစာ ရောက်ရှိလာခြင်းလည်း မရှိခဲ့ပေ။ သို့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးက မြို့နယ်အုပ်ချုပ်ရေးမှူးကို ငွေပေးလိုက်ပြီး ဖြစ်ကြောင်း၊ အိမ်ဆောက်လုပ်နိုင်ပြီ ဖြစ်ကြောင်း ပြောဆိုသောကြောင့် အိမ်များကို ပြီးစီးအောင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ အာဏာပိုင်များ လာရောက် စစ်ဆေးခြင်းလည်း မရှိသောကြောင့် အိမ်ဆောက်လုပ်ပြီးနောက် အေးချမ်းစွာ နေထိုင်လာခဲ့ကြသည်။ 

ယခုနှစ် နှစ်လယ်ပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကာမာလ်ဟူစိန်းကို ရာထူးမှ ရပ်စဲလိုက်ပြီး ဦးနူရ်ဟူစိန်းကို ခန့်အပ်ခဲ့သည်။ စက်တင်ဘာလ လကုန်ပိုင်းတွင် ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးလည်း ပြောင်းရွှေ့သွားပြီး အသစ်တစ်ဦး ရောက်ရှိလာသည်။ 

ယခု အောက်တိုဘာလ လလယ်ပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးသစ် ဦးနူရ်ဟူစိန်းက အိမ်ဆောက်လုပ်ခဲ့သည့် မိသားစု ၂၀ ကျော်ကို ခေါ်ပြီး “ခင်ဗျားတို့ ခွင့်ပြုချက်မရဘဲ အိမ်ဆောက်ခဲ့တဲ့အတွက်ကြောင့် မြို့နယ် အုပ်ချုပ်ရေးမှူးက ခင်ဗျားတို့ဆီက ငွေ ၈ သိန်းစီ တောင်းနေတယ်၊ ကျွန်တော့်ကို ပြောခိုင်းလို့ ပြောတာ၊မပေးရင် မြို့နယ်အုပ်ချုပ်ရေးမှူးက ခင်ဗျားတို့ကို အရေးယူမယ်” ဟု ပြောဆို၍ ငွေတောင်းခံနေသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူးက မြို့နယ်အုပ်ချုပ်ရေးမှူးက တောင်းခိုင်းသည်ဟုဆိုကာ ငွေတောင်းနေခြင်းနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “မြို့နယ်အုပ်ချုပ်ရေးမှူးက တကယ် ငွေတောင်းတာလား၊ ဒါမှမဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးက ကြံဖန်ပြီး ငွေတောင်းနေတာလား ဆိုတာတော့ မသိဘူး။ ဒီအုပ်ချုပ်ရေးမှူးက အရင်ကလည်း အုပ်ချုပ်ရေးမှူး တာဝန် နှစ်ကြိမ် ထမ်းဆောင်ခဲ့တယ်။ ငွေမက်ပေမယ့် လူကြီး၊ ပညာတတ်တွေကိုတော့ လေးစားတယ်။ အရင်အုပ်ချုပ်ရေးမှူးကတော့ ငွေမက်တဲ့အပြင် အလွန်ရိုင်းတဲ့လူ” ဟု မှတ်ချက်ပေးသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ