ဘူးသီးတောင် ညောင်ချောင်းနယ်မြေမှ နယ်မြေမှူး၏ တပည့်များက နယ်မြေမှူးနာမည်ကိုသုံး၍ ရွာသားများထံမှ ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ညောင်ချောင်းနယ်မြေ (နယ်မြေ ၁၁) မှ နယ်မြေမှူး၏ တပည့်များက နယ်မြေမှူးနာမည်ကို အလွဲသုံးစားပြုလုပ်ပြီး ရွာသားများထံမှ ငွေညှစ်လျက်ရှိသည်။ 

ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ညောင်ချောင်းနယ်မြေ (နယ်မြေ ၁၁) အပိုင်၊ ကျောက်ဖြူသားသေကံကျေးရွာအုပ်စု ကျေးရွာတာဝန်ခံ ဦးအဒူရော်ကိမ် (ဘ) ဦးအဒူဆော်ဖူ၊ သိမ်တောင်ပြင်ကျေးရွာမှ ဦးရော်ရှိတ်အာမတ် (ဘ) ဦးမတူလ်ဟူဆောင်းနှင့် ပြင်လှကျေးရွာမှ ဦးနူရိုး တို့သည် ညောင်ချောင်း နယ်ခြားစောင့်ရဲစောင့်တပ်ဖွဲ့ နယ်မြေမှ နယ်မြေမှူး၏ လူယုံ တပည့်များ ဖြစ်ကြသည်။ 

ယခင်က ညောင်ချောင်းနယ်မြေတွင် ပြဿနာတစ်ခုခု ဖြေရှင်းရသည်ဖြစ်စေ၊ နယ်မြေမှ ခွင့်ပြုချက်တစ်စုံတစ်ရာ ရယူလိုလျှင် ဖြစ်စေ၊ အလုပ်တစ်ခုခု လုပ်လိုလျှင် ဖြစ်စေ အထက်ပါ နယ်မြေမှူး၏ တပည့် (၃) ဦးထံမှ တဆင့် နယ်မြေမှူးထံ သွားရသည်။ ၎င်းတို့ (၃) ဦးသည် ညောင်ချောင်းနယ်မြေပိုင် ကျေးရွာများ၏ သတင်းများကို နယ်မြေမှူးအား နေ့စဉ်ပုံမှန်ပေးပို့နေသူများလည်း ဖြစ်ကြသည်။ 

ဇူလိုင်လ (၂၆) ရက်နေ့ ညပိုင်းတွင် ညောင်ချောင်း နယ်မြေစခန်းကို AA က တိုက်ခိုက်ခဲ့ပြီးနောက် ညောင်ချောင်း နယ်မြေမှ နယ်ခြားစောင့်ရဲများကို စခန်းခြံဝင်းအပြင်သို့ အချိန်မတော် ထွက်ခွင့် မပေးတော့သည့်အပြင် ပြင်ပမှ လူများကိုလည်း စခန်းခြံဝင်းထဲသို့ ဝင်ခွင့်မပြုတော့ပေ။ ထို့အပြင် ယခင်လို တိုင်ကြားစာများ လက်ခံခြင်း၊ ပြဿနာဖြေရှင်းပေးခြင်း၊ ခွင့်ပြုချက် အမိန့်စာ ထုတ်ပေးခြင်းများကိုလည်း လုပ်မပေးတော့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ထိုကဲ့သို့ ကန့်သတ်လိုက်သဖြင့် နယ်မြေမှူး၏ လူယုံတော် တပည့် (၃) ဦးလည်း စခန်းထဲသို့ ဝင်ခွင့်မရတော့သဖြင့် အလုပ်လက်မဲ့ ဖြစ်နေသည်။ ၎င်းတို့ (၃) ဦးသည် စခန်းဂိတ်ရှိ ဂိတ်စာရေးနှင့် ပူးပေါင်း၍ ရွာသားများထံမှ ငွေညှစ်ခဲ့သည်။ ကျေးရွာများတွင် ဖြစ်ပွားနေသည့် ပြဿနာများကို စုံစမ်း၍ ဂိတ်စာရေးကို တင်ပြပြီး၊ ဂိတ်စာရေးမှ ရေးပေးသည့် ခေါ်စာနှင့်အတူ ရွာသားများကို ညောင်ချောင်းဈေးရှိ လဘက်ရည်ဆိုင်သို့ ခေါ်သည်။ ၎င်းတို့က ရွာသားများကို “နယ်မြေမှူးကို ငွေဘယ်လောက်ပေးရမယ်၊ မပေးရင် ဖမ်းမယ်” ဟု ခြိမ်းခြောက်၍ ငွေညှစ်ပြီး ဂိတ်စာရေးနှင့် ခွဲဝေယူသည်ဟု ဒေသခံများက ပြောသည်။ 

လွန်ခဲ့သည့် စက်တင်ဘာလ လကုန်ပိုင်းတွင် အဆိုပါ ဂိတ်စာရေးကို အခြားနေရာသို့ ပြောင်းရွှေ့လိုက်သောကြောင့် ခေါ်စာရေးပေမည့်သူ မရှိဖြစ်နေခဲ့သော်လည်း ယခုအခါ ၎င်းတို့ကိုယ်တိုင် ခေါ်စာရေး၍ ခေါ်စာများကို ရွာသားများအား အပြည့်အစုံ မပြဘဲ ခြိမ်းခြောက် ငွေညှစ်လျက်ရှိသည်ဟု ဒေသခံများက ဆိုကြသည်။ 

“သူတို့က ခေါ်စာ ငါတို့ လက်ထဲမှာရှိတယ်။ ခေါ်စာကို ထုတ်ပြရုံသာ ပြပြီး၊ အထဲမှာ ဘာပါသလဲဆိုတာကို အပြည့်အစုံမပြဘူး။ ပြီးနောက် ဘယ်နေ့ ဘယ်အချိန် သွားမလဲလို့ မေးပြီး ရက်ချိန်းယူတယ်။ ရက်ချိန်းအတိုင်း လူတွေက လဘက်ရည်ဆိုင်မှာ လာစောင့်ရင် နယ်မြေမှူးက ဘယ်လောက်တောင်းတယ်၊ မပေးရင် ဖမ်းမယ် ဆိုပြီး အမျိုးမျိုး ခြိမ်းခြောက်ပြီး ငွေညှစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက ၎င်းတို့ (၃) ဦးသည် နယ်မြေမှူး၏ လူယုံတပည့်များ ဖြစ်သောကြောင့် အမှန်ထင်၍ ငွေပေးလိုက်ကြသည်။ နယ်မြေမှူး ဆိုသည်ကို ကြားသည်နှင့် ရွာသားများက ကြောက်လန့်၍ ငွေထုတ်နေကြခြင်း ဖြစ်သည်။ ၁၉၉၂ ခုနှစ်မှစ၍ န.စ.က နယ်မြေမှူးများက ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်၍ ငွေညှစ်ခဲ့သောကြောင့် ယနေ့ထိ နယ်မြေမှူးဆိုလျှင် ကြောက်လန့်နေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ