မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးသစ်က လစဉ်အစည်းအဝေးတွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကို လူမျိုးရေးခွဲခြားပြီး ပြောဆို
မောင်ဝံ့သ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အသစ်ပြောင်းရွှေ့လာသည့် မြို့နယ်အုပ်ချုပ်ရေးမှူးက လစဉ် လလယ်ပိုင်းအစည်းအဝေးတွင် ရိုဟင်ဂျာလူမျိုး အုပ်ချုပ်ရေးမှူးများကို လူမျိုးရေးခွဲခြား၍ ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ 

အောက်တိုဘာလ (၁၅) ရက်နေ့က မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လစဉ် လလယ်ပိုင်း အစည်းအဝေးကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် အသစ်ပြောင်းရွှေ့လာသည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေထွန်းက “ပါစင်နယ် ခေါ်ပြောမယ့်အစား ဒီမှာတစ်ခါတည်း ပြောလိုက်မယ်။ မင်းတို့က နိုင်ငံသားဖြစ်ရင်လည်း အခြားလူမျိုးတွေနဲ့ တန်းတူ မဖြစ်နိုင်ဘူး။ မင်းတို့က ငါတို့နိုင်ငံက လူတွေမဟုတ်ဘူး။ ငါတို့ နိုင်ငံမှာနေလို့ စောင့်ရှောက်ထားရတာ၊ နိုင်ငံသားကဒ်ပြား ပေးနေရတာ။

“မင်းတို့ကို အုပ်ချုပ်ရေးမှူးခန့်တာလည်း လိုအပ်ချက်ရှိနေလို့ ခန့်ထားတာ၊ အခြားတိုင်းရင်းသားတွေလို နိုင်ကဒ်ရှိရင်တောင် လစာမပေးနိုင်ဘူး။ မင်းတို့ကို အလုပ်ဖြုတ်မယ်ဆိုရင်လည်း အထက်က ညွန်ကြားချက်ကို စောင့်စရာမလိုဘူး။ ငါကိုယ်တိုင် ဖြုတ်လို့ရတယ်။ မင်းတို့လူမျိုးတွေက ဘာမှ မဟုတ်ဘူး။ ဥပဒေဘောင်အတွင်းကနေ ပြောနေတာ။ ငါလိမ်နေတာမဟုတ်ဘူး” ဟု လူမျိုးရေးခွဲခြား၍ ပြောဆိုခဲ့သည်ဟု မောင်တောမြို့ခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးသစ် ဦးငွေထွန်းက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ပြောဆိုခြင်းနှင့် ပတ်သက်၍ မောင်တောမြို့မှ တက်ကြွလှုပ်ရှားသူတစ်ဦးက “သူ့ရဲ့ တာဝန်ဝတ္တရားက ဘာလဲဆိုတာကို သေချာနားလည်ရဲ့လားဆိုတာ မေးရမလို ဖြစ်နေပြီ။ သူ့ရဲ့ တာဝန်က မြို့သူမြို့သားတွေကို ကျောသားရင်သားမခွဲခြားဘဲ အုပ်ချုပ်ဖို့ ဖြစ်တယ်။ သူ့ရဲ့ နှုတ်ကနေ မုန်းတီးမှု၊ ခွဲခြားဆက်ဆံမှုတွေ ထုတ်ဖော်ပြောနေတာက အင်မတန်မှ စိုးရိမ်ဖွယ်ရာ ဖြစ်နေတယ်။ နောက်ကွယ်ကနေ လူမျိုးရေးပဋိပက္ခတွေ ဖန်တီးမလားဆိုတာမျိုးတောင် တွေးကြောက်လာတယ်။ နိုင်ငံတော်အစိုးရက လူမျိုးရေး၊ ဘာသာရေး အခြေခံပြီး မုန်းတီး ပြောဆိုနေမှုတွေကို အရေးယူနေပါတယ်လို့ နိုင်ငံတကာကို ပြောနေပေမယ့် အောက်ခြေမှာတော့ ပြောင်းလဲတာ ဘာမှ မရှိဘူး။ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငွေထွန်းရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ပြည်နယ်၊ ပြည်ထောင်စု အစိုးရတွေက ထိရောက်စွာ အရေးယူဖို့ လိုပါမယ်” ဟု ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ