မောင်တောမြောက်ပိုင်း ကျီးကန်းပြင်ကျေးရွာကို တစ်ပတ်အတွင်း နှစ်ကြိမ် စစ်ဆေးပြီးနောက် ရွာသားများ ထိတ်လန့်နေ
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်ကျေးရွာတွင် အနည်းငယ်သာရှိသည့် ရိုဟင်ဂျာများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့က တစ်ပတ်အတွင်း နှစ်ကြိမ်တိုင်တိုင် စစ်ဆေးပြီးနောက် ရွာသားများ ထိတ်လန့်နေကြသည်။

စက်တင်ဘာလ နောက်ဆုံးပိုင်းတွင် နယ်ခြားစောင့်ရဲနှင့် စစ်သား အင်အား ၅၀ ကျော်တို့သည် ကျီးကန်းပြင်ကျေးရွာအုပ်စု အနောက်ရွာသို့ ရောက်ရှိလာပြီး တစ်အိမ်တက်ဆင်း၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် လူဦးရေကို အတိအကျရှိမရှိ စစ်ဆေးခဲ့သည့်အပြင် အိမ်များကို ရှာဖွေစစ်ဆေးခဲ့သည်။ ရိုဟင်ဂျာနေအိမ် အနည်းငယ်သာ ရှိသောကြောင့် အချိန်တိုအတွင်း စစ်ဆေးပြီးစီးသွားပြီး ပြန်လည် ထွက်ခွာသွားခဲ့ကြသည်။ 

အောက်တိုဘာလ (၄) ရက်နေ့ နံနက်ပိုင်းတွင် နယ်ခြားစောင့်ရဲနှင့် စစ်သား အင်အား ၁၀၀ ခန့် ထပ်မံရောက်ရှိလာပြီး စစ်သားများက ရွာကို အပြင်ဘက်မှ ဝန်းရံထားခဲ့သည်။ နယ်ခြားစောင့်ရဲများက နေအိမ်များအတွင်းသို့ ဝင်ရောက်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် လူဦးရေအတိအကျ ရှိမရှိ ထပ်မံ စစ်ဆေးခဲ့သည်။ လူမစုံသည့်နေအိမ်များတွင် နေအိမ်တွင် ရှိမနေသူများနှင့် ပတ်သက်၍ အသေးစိတ်မေးမြန်း၍ မှတ်တမ်းယူသည့်အပြင် မိသားစုအလိုက် ဓါတ်ပုံရိုက်ယူခဲ့သည်။ နေအိမ်ခြံဝင်းများကိုလည်း အသေးစိတ် ရှာဖွေစစ်ဆေးခဲ့သည်။

“ဥပဒေနဲ့ မလွတ်ကင်းတာ ဘာမှ မတွေ့တော့ အဖမ်းအဆီး မရှိဘူး။ အခုလို မကြာမကြာ ဝင်စစ်ဆေးတော့ စိတ်အနှောက်အယှက် ဖြစ်ရတယ်။ သူတို့ စစ်တဲ့နေ့မှာ အလုပ်ပျက်တယ်။ နယ်ခြားစောင့်ရဲနဲ့ စစ်သားတွေ လာရင် ဖမ်းသွားမလား၊ ထိုးကြိတ်ရိုက်နှက်မလား၊ အကြောင်းမရှိ အကြောင်းရှာပြီး ငွေညှစ်မလား၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်မလားဆိုပြီး စိုးရိမ် ထိတ်လန့်နေရတယ်” ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

၂၀၁၂၊ ၂၀၁၆၊ ၂၀၁၇ ခုနှစ်များတွင် န.စ.က၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့က ရိုဟင်ဂျာရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ရွှေငွေရတနာများ လုယက်ခြင်း၊ လူများကို ရိုက်နှက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်း စသည်တို့ကို အလွန်အကျူးပြုလုပ်ခဲ့သဖြင့် ရိုဟင်ဂျာများက ၎င်းတို့ကိုတွေ့လျှင် ကြောက်ရွံ့ ရွံရှာကြသည်။ 

ရိုဟင်ဂျာများကို အဆက်မပြတ် ညှဉ်းပန်းနှိပ်စက်နေသည့် တပ်ဖွဲ့ဝင်များက တစ်ပတ်အတွင်း နှစ်ကြိမ်တိုင်တိုင် စစ်ဆေးသောကြောင့် ရွာသားများက အစီအစဉ်တစ်ခုခု ရှိနေပြီလားဟု တွေးပူပြီး ထိတ်လန့်နေကြသည်။ 

ကျီးကန်းပြင်ကျေးရွာတွင် ယခင်က အိမ်ခြေ ၂၀၀၀ ကျော်ရှိခဲ့သော်လည်း စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့၏ အကြမ်းဖက်မှုကြောင့် အားလုံးနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေကြရသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းတွင် အိမ်ခြေ ၆၀ ခန့်သာ ကျန်ရှိနေပြီး ကျီးကန်းပြင်အနောက်ရွာတွင် စုပေါင်း၍ နေထိုင်နေကြသည်။

အောက်တိုဘာလ (၅) ရက်နေ့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဝန်ထမ်းအချို့သည် ကျီးကန်းပြင်ကျေးရွာသို့ ရောက်ရှိလာပြီး၊ ရွာသားအချို့ကို ခေါ်ယူတွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲနှင့် ပတ်သက်၍ ရွာသားတစ်ဦးက “ကျွန်တော်တို့ ရွာမှာ နေရတာ အဆင်ပြေလား မေးတော့ ကျွန်တော်တို့ကတော့ အဆင်ပြေတယ်၊ ဒါပေမယ့် လုံခြုံမှုမရှိဘူးလို့ ဖြေလိုက်တယ်။ အဲဒီလူတွေက ကျွန်တော်တို့ကို နေရာချပေးဖို့ စီစဉ်ထားတဲ့အကြောင်း ပြောတော့ ကျွန်တော်တို့ကလည်း ဘယ်နေရာမှာလဲလို့ မေးတယ်။ ကျီးကန်းပြင်နဲ့ ဇင်ပိုင်ညာရွာကြားက လယ်ကွင်းမှာလို့ ဖြေတော့ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ မူလနေရာကလွဲပြီး ကျန်တဲ့နေရာ ဘယ်နေရာကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ ပြောလိုက်တယ်” ဟု ပြောသည်။

ကျီးကန်းပြင်ရွာသားများက ပြောင်းရွှေ့ရန် သဘောမတူသောကြောင့် လူပြန်ကယ်ဌာနမှ ဝန်ထမ်းများက သဘောတူညီချက်မရဘဲ ပြန်လည် ထွက်ခွာသွားခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ