ရသေ့တောင်မြို့နယ်ရှိ ရိုဟင်ဂျာရွာထဲတွင် မြန်မာစစ်တပ်နှင့် AA တို့တိုက်ပွဲဖြစ်
ရန်နိုင် Rohingya Today

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း၊ အာကာတောင်ကျေးရွာအုပ်စုတွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အောက်တိုဘာလ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ် မြောက်ပိုင်း၊ အာကာတောင်ကျေးရွာအုပ်စု၊ အာကာတောင် ရခိုင်ရွာ (ရက်ခုန်းတိုင်) သို့ စစ်သားအင်အား ၁၀၀ ကျော်ရောက်ရှိလာခဲ့သည်။ ၎င်းတို့ထဲမှ စစ်သား ၅၀ ခန့်သည် နံနက် ၁၁း၃၀ နာရီအချိန်တွင် အာကာတောင် ရိုဟင်ဂျာရွာသို့ သွားနေစဉ် အာကာတောင် ရိုဟင်ဂျာရွာနှင့် အာကာတောင် ရခိုင်ရွာ (ရက်ခုန်းတိုင်) ကြားရှိ ရခိုင်သင်္ချိုင်းအနီးတွင် မြေမြှုပ်မိုင်း (၃) လုံး ပေါက်ကွဲခဲ့သည်။ သို့သော်လည်း ထိခိုက်မှုတစ်စုံတစ်ရာ မရှိကြောင်း သိရသည်။ 

ပေါက်ကွဲမှုဖြစ်ပွားသည်နှင့် AA တပ်ဖွဲ့ဝင်များက အာကာတောင် ရိုဟင်ဂျာရွာကို အကာအကွယ်ယူ၍ သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်သားများကလည်း အပြန်အလှန် ပစ်ခတ်သဖြင့် ၁၅ မိနစ်ကြာခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့နောက် AA တပ်ဖွဲ့ဝင်များသည် အရှေ့ဘက်ရှိ အုန်းချောင်းဘက်သို့ ဆုတ်ခွာသွားပြီး၊ စစ်သားများလည်း ရက်ခုန်းတိုင်ကျေးရွာသို့ ပြန်လည် ဆုတ်ခွာသွားခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

မြန်မာစစ်တပ်နှင့် AA တို့ အပြန်အလှန် ပစ်ခတ်ခဲ့သ်ည့ ကျည်ဆံများသည် အာကာတောင်ရိုဟင်ဂျာရွာထဲသို့ ကျရောက်ပြီး နေအိမ်အချို့ ပျက်စီးခဲ့သည်။ တိုက်ပွဲသည် ရွာ၏ တောင်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ ရွာသားများသည် သေနတ်သံကြားသည်နှင့် မြောက်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ဟု ဒေသခံများက ပြောပါသည်။ 

ယခုလ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင် AA တပ်ဖွဲ့ဝင်များသည် ဆင်ခုန်းတိုင်ကျေးရွာသို့ ဝင်ရောက်ပြီး လုယက်၊ ဖျက်ဆီး၊ ရိုက်နှက် သောင်းကျန်းခဲ့သဖြင့် ဆင်ခုန်းတိုင်မှ ရိုဟင်ဂျာများသည် ရွာတွင် မနေဝံ့တော့ဘဲ အခြားရွာများသို့ ထွက်ပြေးခိုလှုံနေကြရသည်။ 

အောက်တိုဘာလ (၁၁) ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဆင်ခုန်းတိုင်ကျေးရွာသို့ သွားနေသည့် စစ်သားများသည် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း သေကံခွဆုံကျေးရွာအုပ်စု ဝက်မကျကျေးရွာမှ မေယုမြစ်ကမ်းသို့ အရောက်တွင် AA တပ်ဖွဲ့ဝင်များက မြစ်အရှေ့ဘက်ကမ်းရှိ ဆင်ခုန်းတိုင် ရိုဟင်ဂျာရွာကို အကာအကွယ် ယူ၍ ပစ်ခတ်ခဲ့သည်။ စစ်သားများကလည်း ပြန်လည် ပစ်ခတ်ခဲ့သောကြောင့် ကျည်ဆံများ ရိုဟင်ဂျာရွာထဲသို့ ကျရောက်ပြီး နေအိမ်အချို့ ပျက်စီးခဲ့သည်။ 

ယခုကဲ့သို့ ရိုဟင်ဂျာရွာများထဲတွင် နေရာယူခြင်း၊ ရိုဟင်ဂျာရွာများကို အကာအကွယ်ယူ၍ ပစ်ခတ်ခြင်းများသည် ရိုဟင်ဂျာရွာထဲတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ရိုဟင်ဂျာများ ထွက်ပြေးလျှင် ရွာများကို သိမ်းယူရန် ကြံစည်နေခြင်း ဖြစ်သည်ဟု ဒေသခံရိုဟင်ဂျာများက ဝေဖန်သုံးသပ်နေကြသည်။ 

ရသေ့တောင်မြို့နယ်တွင် ယခင်က ရိုဟင်ဂျာရွာ ၂၀ ကျော်ရှိသော်လည်း ၂၀၁၇ ခုနှစ်ဖြစ်စဉ် နောက်ပိုင်းတွင် မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သဖြင့် (၄) ရွာသာ ကျန်တော့သည်။ ယင်းရွာ (၄) ရွာကို ပယ်ရှားရန် ကြံစည်နေခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ