ဘူးသီးတောင်မြို့နယ်တွင် မိုင်းပေါက်ကွဲမှုပြီးနောက် ပေါက်ကွဲမှုနှင့် မသက်ဆိုင်သည့် ရိုဟင်ဂျာများ စစ်ဆေးခံရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဖန်ဇင်းချောင်းတံတား အလွန် နန်းရာကုန်းကျေးရွာအုပ်စု ကူးတို့ဆိပ်ရွာနှင့် ခွန်တိုင်ကျေးရွာအုပ်စု ခွန်တိုင်နန်းရာကုန်းရွာအကြား ဆောက်လုပ်ဆဲ NLD ရုံးအနီး လမ်းဘေးတွင် အောက်တိုဘာလ (၁၀) ရက်နေ့ နံနက် ၈း၄၅ နာရီတွင် မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး၊ ပေါက်ကွဲမှုနှင့် မသက်ဆိုင်သည့် ရိုဟင်ဂျာများ စစ်ဆေးခံခဲ့ရသည်။ 

ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “ဘူးသီးတောင်ဘက်ကို လာနေတဲ့ စစ်ကားသုံးစီးကနေ တစ်စီးကတော့ မိုင်းပေါက်တဲ့နေရာကို ကျော်သွားတယ်။ ကျန်တဲ့နှစ်စီး မိုင်းပေါက်တဲ့နေရာနားကို ရောက်တော့မှ လမ်းဘေးကနေ မိုင်းတစ်လုံးပေါက်ကွဲတယ်။ ထိခိုက်မှုတော့ မရှိဘူး။ ပေါက်ကွဲမှု ဖြစ်ပြီးတဲ့နောက်မှာ စစ်သားတွေက ကားပေါ်ကနေ ဆင်းလာတယ်။ ခဏနေတော့ တပ်ရင်း ၅၅၁ ကနေ စစ်သားတွေ ထပ်ရောက်လာတယ်။ 

“မိုင်းပေါက်ကွဲတဲ့နေရာကို စစ်ဆေးတဲ့အခါမှာ မပေါက်ကွဲသေးတဲ့ မိုင်း (၄) လုံး ထပ်တွေ့တယ်။ တစ်လုံးနဲ့ တစ်လုံး ဆယ်ကိုက်လောက်အကွာမှာ တွေ့တာပါ” ဟု ပြောသည်။ 

စစ်သားများက မိုင်းပေါက်ကွဲသည့်နေရာကို စစ်ဆေးပြီးနောက် ခွန်တိုင်ကျေးရွာအုပ်စု၊ ခွန်တိုင်နန်းရာကုန်းရွာသို့ သွားရောက်ပြီး တစ်အိမ်တက်ဆင်း ဝင်ရောက်၍ အိမ်ထောင်စုလူဦးရေစာရင်းအတိုင်း လူများကို စစ်ဆေးသည့်အပြင် အိမ်နှင့် အိမ်ခြံဝင်းများကိုလည်း အသေးစိတ် ရှာဖွေခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ ယင်းရွာရှိ အိမ်ခြေ တစ်ရာကျော် အားလုံးကို စစ်ဆေးရှာဖွေခဲ့သည်။ တရားမဝင် နေထိုင်သူ၊ ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိသောကြောင့် အဖမ်းအဆီးမရှိခဲ့ဟု သိရသည်။ 

မိုင်းပေါက်ကွဲပြီးနောက် ဖန်ဇင်းချောင်းတံတားကို ပိတ်ထားခဲ့သည်။ ဖန်ဇင်းချောင်းတံတား၏ အနောက်ဘက်တွင် ရဲကင်းစခန်းရှိပြီး၊ အရှေ့ဘက်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝတ်စုံဝတ်ဆင်ထားသည့် စစ်သားများ အခြေစိုက်ထားသည့် ကင်းစခန်းတစ်ခုရှိသည်။ ယင်းကင်းစခန်းမှ စစ်သား ၂၀ ခန့် ဖန်ဇင်းချောင်းတံတားသို့ ရောက်ရှိလာပြီး တံတားကို တစ်နေကုန် ပိတ်ထားခဲ့သည်။ 

ညနေ နေဝင်ချိန်တွင် လမ်းဖွင့်ပေးခဲ့သော်လည်း အနီးအနားမှ လူများကိုသာ သွားလာခွင့်ပြုခဲ့သည်။ နန်းရာကုန်း၊ ခွန်တိုင်၊ ဒပြုချောင်း စသည့်ကျေးရွာများမှ ဒေသခံများသည် နံနက်ပိုင်းတွင် ဘူးသီးတောင်ဈေးသို့ လာရောက်ကြပြီး ညနေပိုင်းတွင် အိမ်ပြန်လေ့ရှိသည်။ ၎င်းတို့ကို သွားလာခွင့်ပြုခဲ့သော်လည်း အသေးစိတ် ရှာဖွေစစ်ဆေးခဲ့သည်။ အလုပ်သမားများ နေ့လည်စာယူလာသည့် ထမင်းချိုင့်များကိုပါ ဖွင့်၍ စစ်ဆေးခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။ 

ဘူးသီးတောင်မြို့နယ်တွင် ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲများ နေ့စဉ်နေ့တိုင်းလိုလို ဖြစ်ပွားလျက်ရှိပြီး၊ ယခုမိုင်းပေါက်ကွဲသည့်နေရာသည် ဖန်ဇင်းချောင်းတံတားနှင့် တစ်မိုင်ခန့်သာ ကွာဝေးသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ