ဘူးသီးတောင် ဆင်သေပြင်ရွာမှ အသက် ၆၅ နှစ်အရွယ် ရိုဟင်ဂျာတစ်ဦး ပစ်သတ်ခံရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း၊ စံဂိုးတောင်ကျေးရွာအုပ်စု ဆင်သေပြင်ရွာမှ အသက် ၆၅ နှစ်အရွယ် ရိုဟင်ဂျာတစ်ဦး ကျည်ဆံထိမှန်ပြီး သေဆုံးသွားသည်။

ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း၊ စံဂိုးတောင်ကျေးရွာအုပ်စုမှ ဆင်သေပြင်ရွာသားအချို့သည် အောက်တိုဘာလ (၈) ရက်နေ့ (အင်္ဂါနေ့) နံနက်ပိုင်းတွင် ရွာ၏မြောက်ဘက်ရှိ ပုဇွန်ကန်တွင် ငါးဖမ်းနေစဉ် နံနက် ၁၁ နာရီခန့်တွင် ဆင်သေပြင်ရွာရှိ တောင်ပေါ်မှ သေနတ် သုံးချက် ပစ်ခတ်ခဲ့သည်။ ထိုသို့ ပစ်ခတ်မှုကြောင့် ပုဇွန်ကန်တွင် ငါးဖမ်းနေသည့် ဦးဆိဒိခ်အာမတ်၏ ဦးခေါင်းကို ကျည်ဆံထိမှန်ပြီး ချက်ချင်းပင် သေဆုံးသွားခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။

ဆင်သေပြင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်သားများက ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံများက ယူဆနေကြသည်။ ကျည်ဆံများ တောင်ပေါ်မှ လာသည်ကို သိသော်လည်း မည်သူက ပစ်ခတ်သည်ကို မသိဟု ဒေသခံများက ဆိုကြသည်။ သို့သော်လည်း စစ်တပ်က ပစ်ခတ်ခြင်း ဖြစ်သည်ဟုသာ ယူဆနေကြသည်။

စံဂိုးတောင်ကျေးရွာအုပ်စုတွင် စစ်တပ်နှင့် AA တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသောကြောင့် စစ်တပ်က တပ်စွဲထားသည်မှာ နှစ်လကျော်ရှိနေပြီ ဖြစ်သည်။ တိုက်ပွဲများကြောင့် စံဂိုးတောင်ကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာများနှင့် ရခိုင်များ အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသည်မှာ နှစ်လကျော် ရှိနေပြီဟု ဒေသခံများက ပြောပါသည်။ 

ဆင်သေပြင်ကျေးရွာတွင် ရွာစောင့်အဖြစ် အမျိုးသား အနည်းငယ် နေခဲ့ပြီး၊ ၎င်းတို့ထဲမှ လူအချို့က ပုဇွန်ကန်၌ ငါးဖမ်းနေစဉ် ပစ်ခတ်ခံရခြင်း ဖြစ်သည်။ ဦးဆိဒိခ်အာမတ် ပစ်ခတ်ခံရစဉ် ၎င်းနှင့်အတူ သားနှစ်ဦးနှင့် မြေးနှစ်ဦးလည်း အတူရှိနေခဲ့ပြီး၊ ၎င်း၏ ရုပ်အလောင်းကို နေအိမ်သို့ သယ်လာပြီးနောက် ညနေပိုင်းတွင် မြေမြှုပ်သဂြိုဟ်ခဲ့ကြောင်း သိရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ