ဘူးသီးတောင် ဘုရားပြင်အောင်ပတွင် တဖက်နိုင်ငံရောက် ဒုက္ခသည်များ၏ နေအိမ်များကို အခြားသူများသို့ ဆက်လက်ရောင်းချလျက်ရှိ
ကျော်စိုး

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဘုရားပြင်အောင်ပကျေးရွာအုပ်စုမှ တဖက်နိုင်ငံသို့ သွားရောက် ခိုလှုံနေသည့် ဒုက္ခသည်များ၏ နေအိမ်များကို အခြားသူများသို့ ရောင်းချမှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။

ဘုရားပြင်အောင်ပ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးသည် ရာအိမ်မှူးများဖြစ်ကြသည့် ဦးရှားကဲရ် (ဘ) ဦးမူဇဲရ်၊ ဦးမူဟိဘ္ဘုလ္လာဟ် (ဘ) ဦးဆယိဒ်ကာဆိမ်း၊ ဦးနဇီရ်အဟ်မဒ် (ဘ) ဦးမိုဟမ္မဒ်ဟဆောင်း၊ ဦးမိုဟမ္မဒ်အာမိန် (ဘ) ဦးမိုဟမ္မဒ်၊ ဦးဟာလာဘော်ဒါ (ဘ) ဦးအီဇ်ဟာရ်းမျာ နှင့် အုပ်ချုပ်ရေးမှူး၏ အထူးလက်ကိုင်ထုတ် ဦးအာဘူလ်ဖောယာဇ် (ခ) ရှိရှာ (ဘ) ဦးရှောရိဖ်း တို့၏ အကူအညီဖြင့် ယမန်နှစ် သြဂုတ်လ နောက်ပိုင်းတွင် အစိုးရ၏ ရက်စက်ကြမ်းကြုတ်သော နယ်မြေရှင်းလင်းရေးဒဏ်ကို မခံနိုင်၍ နေရပ်စွန့်ခွာပြီး တဖက် ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ သွားရောက်ခိုလှုံနေသည့် ရိုဟင်ဂျာ ဒုက္ခသည်များ၏ နေအိမ်များကို ယခင်က ရောင်းချခဲ့သည့်အတိုင်း ယခုလည်း ဆက်လက်ရောင်းချလျက်ရှိကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

ယခင်က နေအိမ် ၃-လုံးရောင်းချခဲ့ပြီး ယခု ဤ ရက်သတ္တပတ်အတွင်း ထပ်မံ၍ ရပ်ကွက် (၆) မှ ဦးအီလီယာစ် ၏ နေအိမ်ကို ကျပ်ငွေ ၅-သိန်းဖြင့် ရပ်ကွက် (၆) နေ ဒေါ်အာနူဘီ (ဘ) ဦးအာဘူလ်ဟရှိမ် အား ရောင်းချခြင်း၊ ရပ်ကွက် (၈) မှ ဦးဇာကဲရ် (ဘ) ဦးဆူးရ်မိုဟမ္မဒ် ၏ နေအိမ်ကို ကျပ်ငွေ ၄-သိန်းဖြင့် ရပ်ကွက် (၅) နေ ဦးဆလိမ်း (ဘ) ဦးကုလျာမျာ အား ရောင်းချခြင်း၊ ရပ်ကွက် (၈) မှ ဦးအာမိန် (ဘ) ဦးနော်ဇူမျာနှင့် ဦးအဒူရဟိမ်း တို့၏ နေအိမ်တို့ကို ကျပ်ငွေ ၈-သိန်းဖြင့် ရပ်ကွက် (၅) နေ ဦးယူဆုဖ် (ဘ) ဦးအာဘူလ်ဟရှိမ်း အား ရောင်းချခြင်းများ ပြုလုပ်သည့်အပြင် ရပ်ကွက် (၈) မှ ဦးယူနူစ် (ဘ) ဦးဟုဆိန်းအဟ်မဒ် ၏ နေအိမ်ကြီးကို အိမ်တွင် တစ်နှစ်ကျော်ကျော် နေထိုင်လာသည့် ဆွေးမျိုးမိသားစု တစ်စုကို အတင်းနှင်ထုတ်၍ ငွေကျပ် ၇-သိန်းဖြင့် ရပ်ကွက် (၅) နေ ရမ်းကု ဦးနူရ်အာမိန် အား ရောင်းချလိုက်ကြောင်း ရွာသားတစ်ဦးက ပြောသည်။

"လူမနေတော့တဲ့အိမ်တွေကိုပဲ ရောင်းတယ်ဆိုပြီး အရင်က ထင်ခဲ့ကြတာ၊ အခုက အဲလိုမဟုတ်တော့ဘူး၊ အဲဒီအိမ်ကို ပြုပြင်ပြီး တစ်နှစ်လုံးလုံးနေထိုင်လာတဲ့ ဆွေမျိုးတွေကိုတောင် နှင်ထုတ်ပြီး ရောင်းနေတာ၊ ရွာမှာရှိတဲ့ တဖက်နိုင်ငံရောက် ဒုက္ခသည်တွေပိုင်တဲ့ နေအိမ်တွေကို တစ်အိမ်မကျန် အကုန်ရောင်း လိုက်တော့မယ်လို့လည်း သူတို့က ဗြောင်ပြောနေကြတယ်၊ တဖက်က ဒုက္ခသည်တွေ ပြန်လက်ခံမယ်၊ အိမ်တွေဘာတွေဆောက်ပေးမယ်၊ ပြောတဲ့ အစိုးရက အခုလို ရှိရင်းစွဲ အိမ်တွေကိုတောင် အကုန်ချွတ်ပြီး ရောင်းစားနေတာတွေကို မမြင်ချင်ယောင်ဆောင်နေတာ တွေ့ရတော့ ပြန်လက်ခံချင်စိတ်ရှိတယ်ဆိုတာ တကယ် ဟုတ်ရဲ့လား မေးခွန်းထုတ်စရာ ဖြစ်လာတယ်'' ဟု ၎င်းက ဆက်လက် ပြောပါသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်း၍ နေအိမ်များ ရောင်းချနေခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်များနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က သိရှိနေသော်လည်း ဝေစုများ ရနေသောကြောင့် ဆက်လက်ရောင်းချခွင့် ပေးထားခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ