ဘူးသီးတောင် အရှေ့တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ရိုဟင်ဂျာများ စစ်ဘေးရှောင်နေရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ဘက် စိုင်းဒင်တံတားတွင် စခန်းချနေသည့် မြန်မာစစ်တပ်နှင့် AA တို့၏ တိုက်ပွဲများကြောင့် ရိုဟင်ဂျာများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။

ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း စိုင်းဒင်တံတားတွင် စခန်းချနေသည့် မြန်မာစစ်တပ်မှ စစ်သားများကို အောက်တိုဘာလ (၅) ရက်နေ့က AA တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး၊ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်။ 

မြန်မာစစ်တပ်မှ စစ်သားများသည် စိုင်းဒင်တံတားနှင့် သရက်ပြင်ကျေးရွာ လယ်ကွင်းတွင် နေရာယူထားသည်။ AA တပ်ဖွဲ့ဝင်များက သရက်ပြင်အရှေ့ဘက် တောင်တန်းပေါ်တွင် နေရာယူထားပြီး လက်နက်ကြီးငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ကြသည်။ 

၎င်းတို့ အပြန်အလှန် ပစ်ခတ်ကြသည့် လက်နက်ကြီးငယ်များမှ ကျည်ဆံများသည် လေးမြို့ (ကြာညိုပြင်)၊ သရက်ပြင်ကျေးရွာအုပ်စု ရေချမ်းပြင်ရွာနှင့် ရွာသစ်တို့ရှိ လူနေအိမ်သို့ ကျရောက်သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

အိမ်အချို့ ပျက်စီးသွားသော်လည်း လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။ 

အောက်တိုဘာလ (၇) ရက်နေ့ နေ့လည်ပိုင်းမှစ၍ ညနေ နေဝင်ချိန်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ မြန်မာစစ်တပ်မှ စစ်သားအင်အားများ ဖြည့်တင်းခဲ့သည်။ AA တပ်ဖွဲ့ဘက်မှ မနားတမ်း အဆက်မပြတ် ပစ်ခတ်နေသဖြင့် ညနေပိုင်းတွင် တိုက်ပွဲ ပိုမိုပြင်းထန်လာမည်ကို လေးမြို့ (ကြာညိုပြင်)၊ သရက်ပြင်ကျေးရွာအုပ်စု၊ ရေချမ်းပြင်ရွာနှင့် ရွာသစ်ကျေးရွာတို့မှ ရိုဟင်ဂျာများက စိုးရိမ်ကြသည့်အတွက် တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် ဝေးသော ကျေးရွာများသို့ ထွက်ပြေး၍ စစ်ဘေးရှောင်နေကြရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ