ရသေ့တောင်မြို့နယ်၌ ရိုဟင်ဂျာနေအိမ်များ ဓါးပြတိုက်ခံရ
ရန်နိုင် Rohingya Today

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဆင်ခုန်းတိုင်ကျေးရွာမှ ရိုဟင်ဂျာနေအိမ်အချို့ကို လက်နက် ကိုင်ဆောင်ထားသူတစ်စု ဝင်ရောက်၍ ဓါးပြတိုက် လုယက်ယူသွားခဲ့သည်။ 

အောက်တိုဘာလ (၆) ရက်နေ့ နံနက် ၄ နာရီခန့်တွင် လက်နက်များ ကိုင်ဆောင်ထားသည့် လူတစ်စုသည် ရသေ့တောင်မြို့နယ် မြောက်ပိုင်း၊ ဆင်ခုန်းတိုင်ကျေးရွာသို့ ရုတ်တရက် ဝင်ရောက်လာပြီး၊ လမ်းမပေါ်တွင် အဆက်အပြတ် သေနတ်ပစ်ခတ်နေခဲ့သည်။ ရွာသားများက ရွာထဲတွင် တိုက်ပွဲဖြစ်ပွားနေသည်ဟု ထင်၍ လမ်းဘေးနှင့် လမ်းအနီးအနားရှိ နေအိမ်များမှ လူများအပြင်သို့ ထွက်၍ ရွာအစွန်ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။ အမျိုးသားများက တောထဲသို့ ဝင်ရောက်၍ ပုန်းနေခဲ့ပြီး၊ အမျိုးသမီးများက နေအိမ်ငယ်များထဲသို့ ဝင်ရောက်၍ ပုန်းနေခဲ့ကြသည်။ အချို့အိမ်များတွင် အမျိုးသမီးများ ကျန်ရစ်ခဲ့သည်။ 

နံနက် ၄ နာရီအချိန်တွင် လက်နက်ကိုင်ထားသူများထဲမှ လူ ၇ ဦးသည် ဆင်ခုန်းတိုင်ကျေးရွာအုပ်စု၊ လွမ်းတောင်ရွာမှ ဦးကာဆိမ်းအလီ (ဘ) ဦးအာနိုမျာ၏ အိမ်ခြံစည်းရိုးနှင့် အိမ်တံခါးကို ရိုက်ချိုးဝင်ရောက်ခဲ့သည်။ ထို့နောက် အမျိုးသမီးများကို ဆဲဆိုခြိမ်းခြောက်ပြီး၊ “ယောကျ်ားတွေ ဘယ်ကို ရောက်နေလဲ” ဟု မေးမြန်းကာ စစ်ဆေးရေးအဖွဲ့ ပုံစံဖမ်း၍ နေအိမ်အတွင်း ရှာဖွေခဲ့သည်။ ထို့နောက် သေတ္တာများကို ရိုက်ချိုးဖျက်ဆီးကာ ရွှေတစ်ကျပ်သားနှင့် ငွေကျပ် ၅ သိန်း လုယက်ယူဆောင်သွားသည့်အပြင် အမျိုးသမီးများကို ထိုးကြိတ်မည်၊ သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။

နံနက် ၄း၃၀ နာရီအချိန်ခန့်တွင် အဆိုပါ ဓါးပြအဖွဲ့သည် ဒေါ်အမ်ဘီယာခါတူ (ဘ) ဦးကာလူ၏ နေအိမ်တွင်းသို့ ဝင်ရောက်၍ သေတ္တာ၊ ဗီရိုများ ရိုက်ချိုးဖျက်ဆီးပြီး ရွှေ (၄) ကျပ်သား လုယက်သွားခဲ့သည်။ 

ဓါးပြအဖွဲ့သည် လမ်းမကြီးတစ်ဖက်တစ်ချက်ရှိ ဆင်ခုန်းတိုင်ကျေးရွာအုပ်စု၊ ဆင်ခုန်းတိုင်ရိုဟင်ဂျာရွာသို့ သွားရောက်၍ ဦးမာမတ်ဆော်လာမ် (ဘ) ဦးမာမတ်ဇော်လိလ်၏ အိမ်တံခါးကို ရိုက်ချိုးဝင်ရောက်ပြီးနောက် တစ်အိမ်လုံး ရှာဖွေမွှေနှောက်ကာ ငွေကျပ် ၈ သိန်း လုယက်ခဲ့သည်။ ဓါးပြအဖွဲ့ သေနတ်ပစ်ခတ်စဉ် ဦးမာမတ်ဆော်လာမ်၏ နွားတစ်ကောင် ကျည်ဆံထိမှန်၍ သေဆုံးသွားခဲ့သည်။ 

ဦးလာလူး (ဘ) ဦးမာမတ်ဇော်လိလ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေစဉ် တစ်စုံတစ်ရာမတွေ့ရှိသဖြင့် ပြန်အထွက်တွင် အိမ်ရှေ့တွင် ချည်ထားသည့် နွားထီးတစ်ကောင်ကို ဓါးဖြင့် ခုတ်သွားခဲ့သည်။ 

ဓါးပြများသည် သေနတ်နှင့် ဓါးကိုယ်စီ ကိုင်ဆောင်ထားပြီး အရပ်ဝတ်များ ဝတ်ဆင်ထားကြသည်။ ရခိုင်စကားကို ပီပီသသ ပြောဆိုသူများ ဖြစ်ကြသည်။ ရသေ့တောင်မြို့နယ်သည် AA လွှမ်းမိုးထားသည့်ဒေသဖြစ်သည့်အပြင်၊ AA မှအပအခြားလက်နက်ကိုင်ဆောင်သူမရှိသဖြင့်ဓါးပြတိုက်သွားသူများမှာAA မှတပ်ဖွဲ့ဝင်များဖြစ်နိုင်သည်ဟုဒေသခံများကသုံးသပ်နေကြသည်။

အောက်တိုဘာလ (၇) ရက်နေ့ နေ့လည် ၁း၃၀ နာရီတွင် AA တပ်ဖွဲ့ဝင်များဟု ယူဆရသူ ၂၅ ဦးသည် ရသေ့တောင်မြို့နယ် ဆင်ခုန်းတိုင်ကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီး၊ ဆင်ခုန်းတိုင်ကျေးရွာအုပ်စု၊ ဆင်ခုန်းတိုင် ရိုဟင်ဂျာကျေးရွာသို့ ရောက်ရှိလာပြီး ရိုဟင်ဂျာအမျိုးသားများကို ရိုက်နှက်၍ နေအိမ်များမှ အတင်းအဓမ္မ ခေါ်ထုတ်ပြီးနောက် အိမ်များကို ဖျက်ခိုင်းခဲ့သည်။ ဆင်ခုန်းတိုင်ကျေးရွာမှ အိမ်ခြေ ၇ လုံးနှင့် လွမ်းတောင်မှ အိမ်ခြေ ၂၃ လုံး ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

ရိုက်နှက်မှုကြောင့် အသက် (၇၃) နှစ်အရွယ် ဒေါ်အမ်ဘီယာခါတူ (ဘ) ဦးကာလူ၏ လက်တစ်ဖက် ကျိုးသွားသည်။ အဆိုပါ လက်နက်ကိုင်များသည် အမျိုးသမီး (၇) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နေဝင်ချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သည်။ 

ထို့အပြင် နွား ၂၅ ကောင်နှင့် အဖိုးတန်ပစ္စည်းများ ယူဆောင်သွားပြီး၊ အိမ်သုံးပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။ ယခုသတင်းရေးနေသည့်အချိန်ထိ ရွာမှ အမျိုးသားများအားလုံး ထွက်ပြေး တိမ်းရှောင်နေရပြီး၊ ရွာတွင် အမျိုးသမီးများသာ ကျန်ရှိနေသည်ဟု သိရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ