ဘူးသီးတောင် ဘုရားပြင်အောင်ပ အုပ်ချုပ်ရေးမှူးက အမျိုးသမီးအချို့ထံမှ နိုင်ငံတော်မှ ထုတ်ပေးသည့် ထောက်ပံ့ကြေးများ ပြန်လည်သိမ်းယူ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပကျေးရွာအုပ်စုတွင် စက်တင်ဘာလ (၂၇) ရက်နေ့က ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် နိုင်ငံတော်မှ ပေးအပ်သည့် ထောက်ပံ့ကြေးများ ထုတ်ပေးခဲ့ပြီးနောက် အမျိုးသမီးအချို့ထံမှ ထောက်ပံ့ကြေးများ ပြန်လည် သိမ်းယူခဲ့သည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဘုရားပြင်အောင်ပကျေးရွာအုပ်စုတွင် စက်တင်ဘာလ (၂၇) ရက်နေ့က ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် နိုင်ငံတော်မှ စက်တင်ဘာလအတွက် ပေးအပ်သည့် ထောက်ပံ့ကြေးများ ထုတ်ပေးခဲ့သည်။ ထောက်ပံ့ကြေးများကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရုံးစာရေးတို့က ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ထုတ်ပေးခဲ့သည်။ အမျိုးသမီး ၁၅၀ ကျော်ကို ငွေကျပ် ၄၅၀၀၀/-၊ ၃၀၀၀၀/-၊ ၁၅၀၀၀/-၊ စသည်ဖြင့် သုံးမျိုးခွဲ၍ ထုတ်ပေးခဲ့သည်။ ၄၅၀၀၀/- ကျပ်စီ ရရှိသူများထံမှ ရုံးစရိတ်ဟုဆိုကာ ငွေကျပ် ၅၀၀၀/- စီ ကောက်ခံခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ထောက်ပံ့ကြေးများ ထုတ်ပေးပြီး တစ်ပတ်နီးပါးအကြာ အောက်တိုဘာလ (၂) ရက်နေ့ နံနက် ၇ နာရီခန့် အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိန်ထွန်း (ခ) ဦးမောင်ကြီး က ၎င်း၏ လက်ကိုင်တုတ်များ ဖြစ်ကြသည့် ရာအိမ်မှူးဟောင်း ဦးမူဟိဗ်ဘူလ္လာ နှင့် ဦးရှာကဲရ်တို့ကို အကွက် (၈) မှ ဟာဖီးဇ်ဦးဇူဘိုင်ရ်၏ ဇနီး၊ အကွက် (၉) မှ မော်လဝီဦးအာယာတူလ္လာ၏ ဇနီးတို့ထံ စေလွှတ်ပြီး ဆင့်ခေါ်ခိုင်းခဲ့သည်။ 

အမျိုးသမီးနှစ်ဦး ကိုယ်စား ၎င်းတို့၏ ခင်ပွန်းများသည် အုပ်ချုပ်ရေးမှူး ဦးမောင်ကြီး၏ နေအိမ်သို့ လိုက်လာခဲ့သည်။ ၎င်းတို့ ရောက်သည်နှင့် ဦးမောင်ကြီးက “မင်းတို့ရဲ့ မိန်းမတွေကို ပေးခဲ့တဲ့ ငွေတွေကို အခု ပြန်အပ်” ဟု ဆိုကာ ထုတ်ပေးခဲ့သည့် ထောက်ပံ့ကြေးများကို တောင်းခံခဲ့သည်။ အမျိုးသမီးနှစ်ဦး၏ ခင်ပွန်းများက “ထောက်ပံ့ကြေးတွေက နိုင်ငံတော်က ပေးတာမဟုတ်လား” ဟု မေးမြန်းရာ ဦးမောင်ကြီးက “မအေ-ိုး ကုလားတွေ ငါ့ကို ပြန်မပြောနဲ့၊ အခုချက်ချင်း ငွေထုတ်ပေး၊ အဲဒါ နိုင်ငံတော်က မင်းတို့ ကုလားမတွေ အတွက် ထုတ်ပေးတဲ့ ငွေမဟုတ်ဘူး။ ငါတို့ တိုင်းရင်းသားတွေ အတွက် ထုတ်ပေးတာ” ဟု ပြောဆိုစော်ကားခဲ့သည်။ ၎င်းက “အဲဒီငွေတွေကို လောလောဆယ် ခဏထုတ်ပေးတာ၊ အခုပြန်ပေး၊ မပေးရင် ထိုးခံရမယ်” ဟု အကြိမ်ကြိမ် ပြောဆို ခြိမ်းခြောက်ခဲ့သည်။ 

ဟာဖီးဇ်ဦးဇူဘိုင်ရ်နှင့် မော်လဝီဦးအာယာတူလ္လာ တို့သည် ဦးမောင်ကြီး၏ စော်ကားခြိမ်းခြောက်မှုတို့ကို မခံနိုင်တော့၍ နောက်ဆုံးတွင် နေအိမ်များသို့ ဖုန်းဆက်ပြီး ငွေမှာယူ၍ ဦးမောင်ကြီးထံ ပြန်လည် အပ်နှံခဲ့သည်။ 

ဦးမောင်ကြီးသည် စက်တင်ဘာလ (၁၈) ရက်နေ့တွင် ဇူလိုင်လနှင့် သြဂုတ်လများအတွက် ထောက်ပံ့ကြေးများ ထုတ်ပေးစဉ် ရခိုင်အမျိုးသမီးများကို ငွေကျပ် ၉၀၀၀၀/- စီ အပြည့်ထုတ်ပေးခဲ့သော်လည်း ရိုဟင်ဂျာ အမျိုးသမီး ၁၂၀ ဦးထံမှ ငွေကျပ် ၁၀၀၀၀/- စီ ရုံးစရိတ်ဟုဆိုကာ ကောက်ခံ၍ ငွေကျပ် ၈၀၀၀၀/- စီသာ ထုတ်ပေးခဲ့သည်။ အမျိုးသမီး ၁၀၀ ကျော်ကို စာရင်းမှားသည်ဟုဆိုကာ ငွေ မထုတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

စက်တင်ဘာလ (၂၇) ရက်နေ့တွင် ထုတ်ပေးခဲ့သည့် ထောက်ပံ့ကြေးများမှာ စက်တင်ဘာလအတွက် ဖြစ်ပြီး၊ (၁၈) ရက်နေ့က စာရင်းမှားနေသည်ဟု ပြောဆိုခဲ့သည့် အမျိုးသမီး ၁၀၀ ကျော်ကို ဦးစားပေးထုတ်ပေးခဲ့သည်။ သို့သော်လည်း ငွေကျပ် ၄၅၀၀၀/-၊ ၃၀၀၀၀/-၊ ၁၅၀၀၀/-၊ စသည်ဖြင့် သုံးမျိုးခွဲ၍ ထုတ်ပေးခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ