မောင်တော မြောက်ပိုင်း ပြင်ဖြူစခန်းမှ နယ်ခြားစောင့်ရဲများက အပြစ်မဲ့အမျိုးသမီးတစ်ဦးကို ဖမ်းဆီးချုပ်နှောင်ထား
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကားကျေးရွာအုပ်စုမှ ရိုဟင်ဂျာအမျိုးသမီးတစ်ဦးကို နယ်မြေ (၆) ပြင်ဖြူစခန်းမှ နယ်ခြားစောင့်ရဲများက လုပ်ကြံ၍ ဖမ်းဆီးချုပ်နှောင်ထားသည်။

မောင်တောမြို့နယ် မြောက်ပိုင်း နယ်မြေ (၆) ပြင်ဖြူစခန်းမှ နယ်ခြားစောင့်ရဲများသည် စက်တင်ဘာလ (၂၂) ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ကျောက်လှေကားကျေးရွာအုပ်စု သဲချောင်းရွာမှ WY စိတ်ကြွဆေးပြား သယ်ဆောင်သူနှစ်ဦးကို လိုက်လံဖမ်းဆီးစဉ် စိတ်ကြွဆေးပြား သယ်ဆောင်သူနှစ်ဦးက အထုပ်ကို ရေကန်ထဲသို့ ပစ်ချ၍ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ 

ထိုသို့ပစ်ချခဲ့သည်ကို နယ်ခြားစောင့်ရဲများက မြင်တွေ့ခဲ့ပြီး၊ အထုပ်ကို ရေကန်ထဲမှ ဆယ်ယူခဲ့သည်။ ထို့နောက် ရေကန်နှင့်တစ်ဖာလုံအကွာ၊ ရေကန်နှင့် အနီးစပ်ဆုံးနေရာတွင်ရှိသည့် ဦးတာဟဲရ်၏ နေအိမ်ကို နယ်ခြားစောင့်ရဲများက စစ်ဆေးပြီးနောက် ရေကန်ထဲသို့ အထုပ် ပစ်ချသွားသူ သိလားဟု မေးမြန်းခဲ့သည်။ ဦးတာဟဲရ်၏ ဇနီးဖြစ်သူ ဒေါ်ယာစ်မီးန် (အသက် ၅၂ နှစ်) က မိမိသည် နေအိမ်တွင်းတွင် ရှိနေသောကြောင့် အထုပ်ပစ်ချသူများကို မမြင်ခဲ့ပါဟု အမှန်အတိုင်း ဖြေဆိုခဲ့သည်။ 

နယ်ခြားစောင့်ရဲများက အပြစ်မဲ့တစ်ဦး ဖြစ်သည့် ဒေါ်ယာစ်မီးန် ကို စစ်ဆေးမေးမြန်းရန် ရှိသည်ဟုဆိုကာ ပြင်ဖြူစခန်းသို့ ခေါ်ဆောင်သွားပြီး၊ နည်းမျိုးစုံဖြင့် ခြိမ်းခြောက် စစ်ဆေးခဲ့သည်။ ဒေါ်ယာစ်မီးန်က သဲချောင်းရွာတွင် ဦးရှောမ်ရှု၏ သားများဖြစ်ကြသည့် မုစ်တာဖာကာမာလ်နှင့် အာနော်စ် တို့နှစ်ဦးမှအပ အခြားမည်သူမှ WY လုပ်ငန်း လုပ်ကိုင်နေခြင်း မရှိကြောင်း၊ အထုပ်ပစ်ချသူများမှာ ၎င်းတို့နှစ်ဦးသာ ဖြစ်နိုင်သည်ဟု သုံးသပ်ပြသည်။ 

ထို့နောက် နယ်ခြားစောင့်ရဲများသည် ည ၇ နာရီအချိန်တွင် သဲချောင်းရွာသို့ သွားရောက်၍ မုစ်တာဖာကာမာလ်နှင့် အာနောစ်တို့ကို ရှာဖွေခဲ့သော်လည်း မတွေ့ရှိသဖြင့် လဘက်ရည်ဆိုင်ရောင်းသည့် ၎င်းတို့၏ ညီနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 

မုစ်တာဖာကာမာလ်က လှဘော်ဇားကျေးရွာမှ ၎င်း၏ ယောက္ခထီးဖြစ်သူ၊ ပြင်ဖြူစခန်းမှ ရဲမှူး၏ လက်ကိုင်တုတ် ဦးဖိရ်မာမတ် ကို ပြင်ဖြူစခန်းသို့ စေလွှတ်ပြီး ဖမ်းဆီးခံထားရသည့် ၎င်း၏ ညီနှစ်ဦး လွတ်မြောက်ရေးအတွက် ကြိုးပမ်းခိုင်းခဲ့သည်။ ၎င်း၏ ညီနှစ်ဦးစလုံး ည ၁၀ နာရီအချိန်တွင် လွတ်မြောက်လာခဲ့သည်။

အပြစ်မဲ့တစ်ဦးဖြစ်သည့် ဒေါ်ယာစ်မီးန်ကို ပြန်မလွှတ်ပေးဘဲ ဆက်လက်ဖမ်းဆီးထားသည့်အပြင် စက်တင်ဘာလ (၂၉) ရက်နေ့တွင် ၎င်းအား မူးယစ်ဆေးဝါးအမှုဖြင့် မောင်တောတရားရုံးသို့ ပို့ဆောင်ပြီး ရမန်ရယူပြီးနောက် မောင်တောမြို့မရဲစခန်းသို့ လွှဲပြောင်းပေးပြီး ဆက်လက်ချုပ်နှောင်ထားသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဒေါ်ယာစ်မီးန်၏ ခင်ပွန်းဖြစ်သူ ဦးတာဟဲရ်သည် နေ့စားအလုပ်သမားတစ်ဦး ဖြစ်ပြီး ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြသည်။ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားခြင်း၊ သယ်ဆောင်ခြင်းတို့ကို မည်သည့်အခါကမှ လုပ်ကိုင်ခြင်း မရှိခဲ့သူများ ဖြစ်ကြသည်ဟု ဒေသခံများက ဆိုကြသည်။ 

ဒေသခံများက မုစ်တာဖာကာမာလ်နှင့် အာနောစ် တို့နှစ်ဦးသည် WY စိတ်ကြွဆေးပြား ရောင်းဝယ်နေသူများ ဖြစ်ကြောင်း၊ ရေကန်ထဲသို့အထုပ်ပစ်ချသွားသူများမှာလည်း ၎င်းတို့နှစ်ဦး၏ လူများဖြစ်ကြောင်း၊ အထုပ်ထဲမှ ပစ္စည်းများမှာ ၎င်းတို့နှစ်ဦး၏ ပစ္စည်းများ ဖြစ်သည်ဟု အတည်ပြု ပြောဆိုကြသည်။ 

၎င်းတို့နှစ်ဦး၏ ပစ္စည်းများဖြစ်သည်ကို ပြင်ဖြူစခန်းမှ ရဲမှူး (နယ်မြေမှူး) က သိသော်လည်း ရဲမှူးအား ငွေရှာပေးသည့် ဦးဖိရ်မာမတ်သည် မုစ်တာဖာကာမာလ်၏ ယောက္ခထီး ဖြစ်နေခြင်း၊ ၎င်းတို့နှစ်ဦးထံမှ ပုံမှန် ဆက်ကြေး ရနေခြင်းတို့ကြောင့် တရားခံနှစ်ဦးစလုံးကို ဖမ်းဆီးခြင်း မပြုလုပ်ဘဲ၊ အပြစ်မဲ့ အမျိုးသမီးတစ်ဦးကို တရားခံ အဖြစ် လုပ်ကြံပြီး ဖမ်းဆီးချုပ်နှောင် ထားသည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။ 

ယခုကဲ့သို့ အပြစ်မဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားခြင်းကြောင့် သဲချောင်းရွာသားများက ၎င်းတို့လည်း အန္တရာယ်ရှိနေသည်ဟု စိုးရိမ်နေကြသည်။ 

“အခု ယာစ်မီးန်လို ဆင်းရဲတဲ့ အမျိုးသမီးတစ်ယောက်ကို ဖမ်းထားတယ်။ နောက်တစ်ကြိမ်ဆိုရင် နောက်တစ်ယောက် ဖမ်းမယ်။ တကယ် အပြစ်လုပ်သူကိုတော့ မဖမ်းဘူး။ ဒီလိုပဲ အပြစ်မဲ့တွေကို ဖမ်းမယ်ဆိုရင် ရွာသားတွေ အားလုံး ဒုက္ခရောက်မယ်” ဟု ရွာသားတစ်ဦးက စိုးရိမ်စိတ်ဖြင့် ပြောသည်။ 

မုစ်တာဖာကာမာလ်နှင့် ၎င်း၏ ယောက္ခထီး ဖြစ်သူ ဦးဖိရ်မာမတ် တို့သည် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာများကို အကြမ်းဖက် သတ်ဖြတ်မှုကြောင့် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသူများ၏ ကျွဲ၊ နွားများကို စုဆောင်း၍ ၎င်းတို့၏ မိဘပိုင် ပစ္စည်းများကဲ့သို့ ရောင်းစားခဲ့သူများ ဖြစ်သည်။ ထိုစဉ် ပြင်ဖြူစခန်းက ၎င်းတို့ကို အကာအကွယ် ပေးခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ