ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်နေ
ကျော်စိုး Rohingya Today

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံလျက်ရှိသည့် ရိုဟင်ဂျာဒုက္ခသည်များကို မြန်မာနိုင်ငံရှိ အိမ်ထောင်စုလူဦးရေစာရင်းမှ ပယ်ဖျက်ရန် နယ်ခြားစောင့်ရဲတပ်ဖွဲ့ (မ.က.ဖ) က ကွင်းဆင်း၍ ပယ်ဖျက်လျက်ရှိသည်။

ယခုနှစ် စက်တင်ဘာလ လဆန်းပိုင်းမှစ၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (မ.က.ဖ) များသည် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသူများ၏ စာရင်းများကို ကောက်ခံခဲ့သည်။ 

၎င်းတို့ ကောက်ခံရရှိသည့် စာရင်းအတိုင်း အိမ်ထောင်စု ဦးစီးများကို ပုံစံများ ဖြည့်ခိုင်းပြီး အိမ်ထောင်စုလူဦးရေ စာရင်းမှ ပယ်ဖျက်နေသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။

၁၉၉၄ ခုနှစ်မှစ၍ န.စ.က တပ်ဖွဲ့က ရိုဟင်ဂျာများကို အိမ်ထောင်စု လူဦးရေစာရင်း ခွဲပေးခြင်းမရှိသောကြောင့် အိမ်ထောင်စု လူဦးရေစာရင်းတစ်ခုတွင် မိသားစု ၄ စု၊ ၅ စု မက ရှိနေသည်။ အိမ်ထောင်စု လူဦးရေစာရင်းများမှ အိမ်ထောင်စု မိသားစုအချို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံလျက်ရှိပြီး၊ အချို့မှာ ထွက်မပြေးဘဲ ရသည့်နေရာတွင် ခိုလှုံ၍ ကျန်ရစ်နေခဲ့သည်။ အချို့သော အိမ်ထောင်စုလူဦးရေ စာရင်းများတွင် မိသားစုတစ်စုသာရှိသော်လည်း မိသားစုဝင်အချို့ ထွက်ပြေးသွားပြီး၊ အချို့ ကျန်ခဲ့သည်များလည်း ရှိသည်။

မိသားစုဝင်အချို့ ထွက်ပြေးသွားပြီး ကျန်ရစ်ခဲ့သည့် အိမ်ထောင်စု ဦးစီးများကို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ဆင့်ခေါ်ပြီး ထွက်ပြေးသွားသူတစ်ဦးချင်းစီအတွက် ပုံစံ (၄) စောင်စီ ဖြည့်ခိုင်းကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြောင်း ဝန်ခံ လက်မှတ်ရေးထိုးခိုင်းသည်။ မိသားစုဝင် မဟုတ်သူ သက်သေ နှစ်ဦးလည်း လက်မှတ်ထိုးပေးရသည်။ 

အိမ်ထောင်စုလူဦးရေစာရင်းပါ မိသားစုများအားလုံး ထွက်ပြေးသွားသည်များကို မ.က.ဖ အဖွဲ့တွင် သိမ်းဆည်းထားသည့် စာရင်းမူရင်းမှ ပယ်ဖျက်လျက်ရှိသည်ဟု စုံစမ်းသိရှိရသည်။ 

မ.က.ဖ မှ ဖြည့်ခိုင်းသည့် ပုံစံများကို ကြည့်လျှင် မ.က.ဖ က အတင်းအဓမ္မ ပယ်ဖျက်ခိုင်းခြင်း မဟုတ်ဘဲ၊ အိမ်ထောင်စု ဦးစီးက ၎င်း၏ သဘောဆန္ဒအရ ပယ်ဖျက်ပေးရန် တောင်းဆိုနေသည့်ပုံ ဖြစ်နေသည်။ အချို့ ရပ်ကွက်၊ ကျေးရွာများတွင် မ.က.ဖ နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ ကိုယ်တိုင် အိမ်တိုင်ရာရောက် သွားရောက်၍ ပုံစံများကို ဖြည့်စွက်ခိုင်းသည်။ 

အာဏာပိုင်များက မည်သည့် ရည်ရွယ်ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းမှ ပယ်ဖျက်နေသည်ကို မသိရှိရသော်လည်း အချို့သော ဒေသခံများက ထွက်ပြေးသွားသူများကို ပြန်လည် ခေါ်ယူလိုသည့် ဆန္ဒမရှိသောကြောင့် ယခုကဲ့သို့ ပယ်ဖျက်နေခြင်း ဖြစ်သည်ဟု သုံးသပ်နေကြသည်။ 

ဖြည့်စွက်ရသည့် ပုံစံများ

Removing from Household

Removing from Household

Removing from Household


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ