ဘူးသီးတောင်မြို့နယ်၌ ရိုဟင်ဂျာပိုင် ကျွဲများကို ရခိုင်ရွာသားများက လုယက်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဒုအိုးသည်မကျေးရွာမှ ရိုဟင်ဂျာပိုင် ကျွဲ ၁၂ ကောင်ကို ရခိုင်ရွာသားများက စက်တင်ဘာလ (၂၇) ရက်နေ့က လုယက်ခဲ့သည်။

စက်တင်ဘာလ (၂၇) ရက်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဒုအိုးသည်မကျေးရွာမှ ဦးဂျော်မိလ်အာမတ် (ဘ) ဦးမော်တီရာမာန် (အသက် ၅၃ နှစ်) သည် ၎င်းပိုင်ဆိုင်သည့် ကျွဲ ၁၂ ကောင်ကို ချောင်း၏ တောင်ဘက်ရှိ ၎င်းပိုင် စားကျက်မြေတွင် ၎င်း၏သား အပါအဝင် ကလေး ၃ ဦးအား ကျောင်းခိုင်းထားခဲ့သည်။ ကလေးများက ကျွဲများကို ကျောင်းနေစဉ် အောင်ဇေယျ န.တ.လ ရွာသားများဟု ယူဆရသည့် ရခိုင်ရွာသား (၄) ဦးသည် သေနတ်တစ်လက်နှင့် ဓါးများကိုယ်စီ ကိုင်လျက် ကျွဲများရှိသည့် စားကျက်မြေသို့ ရောက်ရှိလာခဲ့သည်။ ရခိုင်ရွာသားများက ကျွဲကျောင်းနေသည့် ကလေး ၃ ဦးကို ကြိုးဖြင့် ချည်နှောင်၍ တောင်ထဲသို့ အတင်းအဓမ္မ ဆွဲသွင်းပြီးနောက် ရခိုင်ရွာသား ၂ ဦးက ဓါးဖြင့် ထောက်၍ စောင့်နေခဲ့သည်။ ထို့နောက် ကျန်သည့် ရခိုင်ရွာသား ၂ ဦးက ကျွဲ ၁၂ ကောင်ကို မောင်းယူသွားပြီး၊ ကျွဲများနှင့်အတူ ရခိုင်ရွာအနီးသို့ ရောက်မှ ဓါးဖြင့် ထောက်ထားသည့် ရခိုင်ရွာသား ၂ ဦးက ကလေး ၃ ဦးကို တောင်ထဲတွင် ထား၍ ထွက်ပြေးသွားခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ကျွဲများ ကျောင်းနေသည့် ကလေးများမှာ (၁) ရှောမ်ရှုရာမာန် (ဘ) ဦးဂျော်မိလ်အာမတ် (အသက် ၁၂ နှစ်)၊ (၂) ဂူရာမျာ (ဘ) ဦးဖော်ယာဇုလ်အစ္စလာမ် (အသက် ၁၇ နှစ်) နှင့် (၃) ဟာဆောင်းဘော်ရှော်ရ် (ဘ) ဦးရော်ရီမူလ္လာ (အသက် ၁၅ နှစ်) တို့ ဖြစ်ကြသည်။ 

ကျွဲကျောင်းနေသည့် ကလေးများသည် ၎င်းတို့အား ကြိုးများဖြင့် ချည်နှောင်ထားသည့် အနေအထားဖြင့်ပင် ရွာသို့ ပြေးဝင်သွားသဖြင့် ရွာသားများ စားကျက်မြေသို့ လိုက်လာ၍ ကြည့်ရှုရာ ကျွဲများ လုယက်သွားသည့် ရခိုင်ရွာသား (၄) ဦးသည် ရခိုင်ရွာသို့ ဝင်ရောက်သွားသည်ကို တွေ့ရှိခဲ့ကြသည်။ လုယက်ခံရသည့် ကျွဲများ၏ ကာလတန်ဖိုးမှာ ငွေကျပ် သိန်း ၈၀ ခန့်ရှိသည်ဟု သိရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ