မောင်တော ဦးရှည်ကျ အုပ်ချု့ပ်ရေးမှူးက နယ်မြေမှူးအတွက်ဟုဆိုကာ နိုင်ငံတော်မှ ပေးသည့် ထောက်ပံ့ကြေးမှ ငွေများ ဖြတ်ယူ
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျကျေးရွာအုပ်ချုပ်ရေးမှူးက နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် (၂ နှစ်အောက် ကလေးမိခင်) များအတွက် ထောက်ပံ့သော ထောက်ပံ့ကြေးများမှ အမှတ် (၅) နယ်မြေမှူးအတွက်ဟုဆိုကာ ငွေများ ဖြတ်ယူသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း၊ ဦးရှည်ကျကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆီရာဇုလ်အစ္စလာမ် သည် စက်တင်ဘာလ (၁၆) ရက်နေ့တွင် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ ၎င်း၏ ကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် ၁၅၉ ဦးအတွက် နိုင်ငံတော်မှ ထုတ်ပေးသည့် ထောက်ပံ့ကြေးများ ထုတ်ယူခဲ့သည်။ 

ထောက်ပံ့ကြေးများကို ကျေးရွာရှိ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် အမျိုးသမီးများအား စက်တင်ဘာလ (၁၈) ရက်နေ့နှင့် (၁၉) ရက်နေ့တွင် ထုတ်ပေးခဲ့သည်။ အမျိုးသမီး (၁၇) ဦးကို စာရင်းတွင် နာမည်မပါဟု ဆိုကာ ငွေမထုတ်ကြောင်း၊ ၁၈ ဦးကို ၅၀၀၀၀/- ကျပ်စီသာ ထုတ်ပေးပြီး ၄၀၀၀၀/- ကျပ်စီ ဖြတ်ယူခဲ့ကြောင်း၊ ကျန်သည့် ၁၂၃ ဦးကို ၈၀၀၀၀/- ကျပ်စီ ထုတ်ပေးပြီး ၁၀၀၀၀/- ကျပ်စီ ဖြတ်ယူခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

ရွာသားများက ငွေဖြတ်ယူထားခြင်းနှင့် ပတ်သက်၍ အုပ်ချုပ်ရေးမှူးကို မေးမြန်းရာ အုပ်ချုပ်ရေးမှူးက အမှတ် (၅) နယ်မြေမှူးအတွက် ဖြတ်ယူထားရခြင်း ဖြစ်သည်ဟု ဖြေဆိုခဲ့သည်။ ရွာသားများက နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ကြေးကို နယ်မြေမှူးအတွက် ဖြတ်ယူရန် မည်သည့်အကြောင်းမှ မရှိကြောင်း၊ နယ်မြေမှူး၏ အမည်ကို အလွဲသုံးစား ပြုလုပ်နေခြင်းသာ ဖြစ်နိုင်ကြောင်း သုံးသပ်နေကြသည်။ ထောက်ပံ့ကြေးများကို အလွဲသုံးစား ပြုလုပ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို ဟန့်တား အရေးယူပေးရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ