ဧရာဝတီတိုင်း ငရုတ်ကောင်း၌ ဖမ်းဆီးခံရသည့် ရိုဟင်ဂျာ ၃၀ ဦး လူကုန်ကူးမှုတွင် အဓိကတာဝန်ရှိသူနှင့်အတူ အာဏာပိုင်များပါ ပါဝင်မှုရှိ
အောင်မင်း Rohingya Today
ငရုတ်ကောင်း၌ ဖမ်းဆီးခံရသည့် ရိုဟင်ဂျာ (၃၀) ဦး (ဓါတ်ပုံ - Facebook)

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းမှ ရိုဟင်ဂျာ (၃၀) ဦးကို လူကုန်ကူးသူက မလေးရှားသို့ ပို့ပေးမည်ဟု ဆိုကာ ငွေကြေး အမြောက်အမြားရယူပြီး၊ စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပို့ဆောင်နေစဉ် ငရုတ်ကောင်းမြို့၌ ဖမ်းဆီးခံလိုက်ရသည်။

ဧရာဝတီတိုင်း ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့တွင် စက်တင်ဘာလ (၂၆) ရက်နေ့ ည ၈း၄၀ နာရီတွင် ရန်ကုန်မြို့သို့ ကားဖြင့် သွားနေသည့် ရိုဟင်ဂျာ (၃၀) ဦး ဖမ်းဆီးခံရသည်။ ၎င်းတို့ကို စစ်တွေမြို့ အခြေစိုက် လူကုန်ကူးသူ ဦးဒီလူး (ခ) ဦးဒိလ်မာမတ် က ငွေကျပ် ၅၂ သိန်းစီ ယူပြီး ပို့ဆောင်ခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ 

လူကုန်ကူးသူ ဦးဒီလူး (ခ) ဦးဒိလ်မာမတ် (ဘ) ဦးအာမီးရ်ဟမ်ဇား သည် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဘုရားပြင်အောင်ပကျေးရွာမှ စစ်တွေမြို့၊ ကျောင်းကြီးလမ်းရပ်ကွက်သို့ လွန်ခဲ့သည့် ၂၅ နှစ်ခန့်က ပြောင်းရွှေ့သွားသူ ဖြစ်သည်။ ၎င်းသည် ၎င်း၏ မွေးရပ်မြေဖြစ်သည့် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်း နယ်မြေဒေသသို့ မကြာခဏလာရောက်၍ ယင်းဒေသမှ လူငယ်များကို အမျိုးမျိုး မက်လုံးပေး စည်းရုံးပြီး စစ်တွေမြို့သို့ ခေါ်ဆောင်သွားကာ ထိုမှတဆင့် ကားများဖြင့် ရန်ကုန်သို့ ပို့ဆောင်သည်။ ရန်ကုန်မှ တဆင့် ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ ပို့ဆောင်ပေးသည်ဟု စစ်တွေနှင့် ဘူးသီးတောင်မြို့များမှ ဒေသခံများက Rohingya Today သို့ပြောသည်။

လူကုန်ကူးသူ ဦးဒီလူး ပို့ဆောင်ပေးသည့် လူများသည် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံများတွင် ဖမ်းဆီးခံရခြင်း၊ အခြား လူကုန်ကူးသူများ လက်ထဲသို့ ရောက်ရှိသွားပြီ ရောင်းစားခံရခြင်း၊ ပျောက်ဆုံးနေခြင်းများ ဖြစ်လေ့ရှိသည်ဟု ဒေသခံများက ဆိုကြသည်။

“၁၉၉၂ ခုနှစ်လောက်ကတည်းက ကျွန်တော်တို့ကို ခရီးသွားလာခွင့် မပေးတဲ့အပြင် နည်းမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက်ခံနေရတော့ လူငယ်တွေက ရတဲ့နည်းနဲ့ နိုင်ငံကနေ ထွက်ချင်ကြတယ်။ အဲဒီတော့ လူကုန်ကူးတဲ့လူအတွက် လူကုန်ကူးမှုက စီးပွားရေးလုပ်ငန်းကြီး တစ်ခု ဖြစ်လာတယ်။ စစ်တွေမှာနေတဲ့ ဒီလူး ဆိုတဲ့လူကတော့ ဒီဘက်ပိုင်းမှာ နာမည်ကြီး လူကုန်ကူး ပွဲစားကြီးပါ။ သူပို့ပေးတဲ့လူတွေထဲက ဒုက္ခရောက်သွားသူတွေ အများကြီး၊ စစ်တွေကနေ ရန်ကုန်သွားနေတဲ့အချိန် ဖမ်းခံရသူတွေ အများကြီးရှိတယ်။ ထိုင်းရောက်ပြီးမှ လူကုန်ကူးသူတွေက ရောင်းစားတာကို ခံရတာ ရှိတယ်။ လမ်းမှာ ပျောက်သွားသူတွေ ရှိတယ်” ဟု ဘူးသီးတောင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ဦးဒီလူး သည် လူငယ် အမျိုးသား၊ အမျိုးသမီးများ၊ မလေးရှားနိုင်ငံသို့ ရောက်ရှိနေသူများ၏ ဇနီးများ ကို အဓိက ပစ်မှတ်ထား၍ စည်းရုံးလေ့ရှိသည်။ ၎င်းပို့ဆောင်ပေးသည့် အမျိုးသမီးအများစုမှာ ထိုင်းနိုင်ငံတွင် လူကုန်ကူးသူများ၏ ရောင်းစားခြင်းကို ခံနေရသည်။

ဦးဒီလူး သည် စက်တင်ဘာလ အလယ်ပိုင်းတွင် ဘူးသီးတောင်မြို့နယ် ညောင်ချောင်း နယ်မြေသို့ ရောက်ရှိလာပြီး ဒေသခံများကို မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးမည်ဟု ဆိုကာ စည်းရုံးခဲ့သည်။ ၎င်းက စစ်တွေမြို့သို့ ခေါ်ဆောင်သွားပြီး၊ ကားဖြင့် ရန်ကုန်သို့ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့သို့ ရောက်လျှင် နိုင်ငံကူးလက်မှတ် လုပ်၍ မလေးရှားနိုင်ငံသို့ တရားဝင် ပို့ဆောင်ပေးမည် ဖြစ်ကြောင်း၊ နိုင်ငံကူးလက်မှတ်ဖြင့် တရားဝင် သွားမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ အချိန်မရွေး ပြန်လာနိုင်မည် ဖြစ်ကြောင်း၊ လမ်းခရီးတွင် ဖမ်းဆီးခံရခြင်း၊ ပျောက်ဆုံးခြင်းများကိုလည်း တာဝန်ယူမည်ဟု ပြောဆို၍ လူတစ်ဦးလျှင် ငွေကျပ် ၅၂ သိန်းဖြင့် ပို့ပေးမည်ဟု ဆိုခဲ့သည်။

ပိတ်လှောင်ခံထားရသည့် ဘဝများမှ ရုန်းထွက်ချင်သူတစ်စုက ၎င်းပြောဆို မက်လုံးပေးသည်များကို နှစ်ခြိုက် သဘောကျခဲ့ကြသည်။ 

ဦးဒီလူး သည် စည်းရုံး၍ ရခဲ့သူများထံမှ ငွေကျပ် ၅၂ သိန်းစီယူ၍ စစ်တွေမြို့သို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုလူများကို ဦးဒီလူးက “ငါ့မှာ အဆင့်ဆင့်လူတွေရှိတယ်။ အဲဒီလူတွေက မင်းတို့ကို လာကြိုမယ်” ဟု ပြောဆိုပြီး၊ စစ်တွေမြို့မှ ရန်ကုန်မြို့သို့ သွားသည့် ကားပေါ်သို့ တင်ပေးခဲ့သည်။

စစ်တွေမြို့မှ ဦးဒီလူး ကိုယ်တိုင် ကားပေါ်သို့ တင်ပေးလိုက်သည့် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂၀ ဦးနှင့် ကလေးငယ်တစ်ဦး တို့သည် ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၌ စက်တင်ဘာလ (၂၆) ရက်နေ့ ည ၈း၄၀ နာရီတွင် ဖမ်းဆီးခံလိုက်ရသည်။ 

၎င်းတို့ ဖမ်းဆီးခံရသည့် သတင်းကို မိသားစုဝင်များက ကြားသိပြီးနောက် လူကုန်ကူးသူ ဦးဒီလူးထံ ဖုန်းဆက်၍ အကျိုးအကြောင်း မေးမြန်းရာ ဦးဒီလူးက “ဒါငါနဲ့ မဆိုင်ဘူး။ ငါက ရန်ကုန်ကားပေါ်တင်ပေးလိုက်ပြီ၊ ငါ့တာဝန်ကျေပြီ၊ ငါ့ကို လာမပြောနဲ့” ဟု ရင့်သီးစွာ တုံ့ပြန်ခဲ့သည်ဟု ဖမ်းဆီးခံရသည့် (၃၀) ဦးထဲမှ လူငယ်တစ်ဦး၏ ဖခင်က ပြောသည်။ 

“အခု ကျွန်တော့် သားလေး ဖမ်းခံလိုက်ရပြီ၊ ပွဲစားဖြစ်တဲ့ ဒီလူးကို ငွေလည်း ၅၂ သိန်း ပေးပြီးပြီ၊ ပွဲစားက သူ့မှာ တာဝန်မရှိဘူးလို့ ပြောနေတယ်။ ဘယ်လိုလုပ်ရမလဲ မသိဘူး။ သားနဲ့အတူ ဖမ်းခံလိုက်ရတဲ့သူတွေ အားလုံးအတွက် အရမ်းစိုးရိမ်နေတယ်” ဟု ၎င်းက ဆိုသည်။ 

လူကုန်ကူးသူ ဦးဒီလူးသည် ၂၀၁၂ ခုနှစ် နောက်ပိုင်းမှစ၍ လူကုန်ကူးနေသူ ဖြစ်သည်။ ၎င်း၏ ပြောစကားများကို ယုံကြည်၍ ၎င်းကို ငွေပေးပြီး မလေးရှားနှင့် ထိုင်းနိုင်ငံများသို့ သွားနေသူများထဲမှ လူအမြောက်အမြား ပျောက်ဆုံးပြီး၊ အမြောက်အမြား ဖမ်းဆီးခံထားရသည်။

ဦးဒီလူးနှင့်အတူ ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းပါဝင်မှု မရှိပါက ယခုကဲ့သို့ လူအများအပြားကို လူကုန်ကူးရန် မည်သို့မှ ဖြစ်နိုင်မည်မဟုတ်ကြောင်း စစ်တွေမြို့မှ ဒေသခံတစ်ဦးက ယခုကဲ့သို့ သုံးသပ်ပြသည်။ 

“၂၀၁၂ ကတည်းက စစ်တွေကနေ ဘူးသီးတောင် သွားလို့ မရသလို၊ ဘူးသီးတောင်ကနေ စစ်တွေကို လာလို့ မရတော့ဘူး။ ပြည်နယ်အစိုးရက အထူးခွင့်ပြုချက်ရှိမှ လာလို့ရတာ။ ဒီလူးက စစ်တွေကနေ ဘူးသီးတောင်ကို သွားချင်တဲ့အချိန် သွားလို့ရတယ်။ ပြီးတော့ ဘူးသီးတောင်က ရွာတွေမှာ လူတစ်ယောက် ရွာပြင်ထွက်ရင်တောင် ခွင့်ပြုချက်ယူရတယ်။ အဲဒီကနေ ဒီလို လူအစုလိုက် အပြုံလိုက် ထုတ်လာတာ၊ အဲဒီလူတွေကို စစ်တွေကို ခေါ်လာပြီး၊ စစ်တွေကနေ ရန်ကုန် ကားပေါ်တင်ပေးတာတွေက ဒီက အာဏာပိုင်တွေမပါဘဲ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဒီလူကုန်ကူးမှုက ဒီလူး တစ်ယောက်တည်း လုပ်နေတာ မဟုတ်ဘူး။ စစ်တွေ၊ ဘူးသီးတောင်နဲ့ အခြားဒေသတွေက အာဏာပိုင်တွေ အားလုံး ပူးပေါင်းပြီး လူကုန်ကူးမှု ကွန်ယက်ကြီးတစ်ခု ဖွဲ့ပြီးလုပ်နေတာ ဖြစ်တယ်” 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ