ဘူးသီးတောင်မြို့နယ် တောင်ပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများက ထောက်ပံ့ကြေးများ ထုတ်ပေးရာတွင် လူမျိုးရေးခွဲခြားမှုများ ပြုလုပ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးများက နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် ထုတ်ပေးသည့် ထောက်ပံ့ကြေးများ ထုတ်ပေးရာတွင် လူမျိုးရေး ခွဲခြားဆက်ဆံသည့်အပြင် ရိုဟင်ဂျာများကို စာရင်းပါအတိုင်း မှန်မှန်ကန်ကန် ထုတ်ပေးခြင်း မရှိပေ။

နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် (၂ နှစ်အောက်ကလေးမိခင်များ) များအတွက် လူမျိုး ဘာသာမရွေး တစ်ဦးလျှင် ငွေကျပ် ၉၀၀၀၀/- စီ ထောက်ပံ့ကြေး ထုတ်ပေးလျက်ရှိသော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးများက လူမျိုးခွဲခြား၍ ထုတ်ပေးလျက်ရှိသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။

စက်တင်ဘာလ (၂၃) ရက်နေ့တွင် သိမ်တောင်ပြင်ကျေးရွာ၌ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် (၂ နှစ်အောက် ကလေးမိခင်များ) များအတွက် ထောက်ပံ့ကြေးများ ထုတ်ပေးရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း က ရခိုင်အမျိုးသမီးများကို ငွေကျပ် ၉၀၀၀၀/- စီ ထုတ်ပေးပြီး၊ ရိုဟင်ဂျာအမျိုးသမီးများကို ငွေကျပ် ၇၀၀၀၀/- သာ ထုတ်ပေးခဲ့သည်။ ထို့အပြင် စာရင်းပါ အမျိုးသမီး ၂၀ ဦးကို နာမည်မတူဟု ဆိုကာ ငွေမထုတ်ပေးကြောင်း ဒေသခံများက ပြောသည်။

ဖုံညိုလိပ်ကျေးရွာတွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်က ရိုဟင်ဂျာအမျိုးသမီးများကို ငွေကျပ် ၇၀၀၀၀/- သာ ထုတ်ပေးပြီး၊ ရခိုင်အမျိုးသမီးများကို ငွေကျပ် ၉၀၀၀၀/- စီ အပြည့် ထုတ်ပေးခဲ့သည်။ ယခင်က ငွေရရှိခဲ့သည့် အမျိုးသမီးအချို့ကို စာရင်းမပါဟု ဆိုကာ ငွေထုတ်ပေးခြင်း မရှိပေ။ ဖုံညိုလိပ်ကျေးရွာအုပ်စုသည် ကျေးရွာအုပ်စုကြီး ဖြစ်ပြီး လူဦးရေများသောကြောင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်အများအပြား ရှိသည်။ ကျေးရွာအုပ်အုပ်ချုပ်ရေးအဖွဲ့က ငွေဖြတ်စားခြင်း၊ စာရင်းလိမ်ခြင်းကြောင့် ငွေအမြောက်အမြားရရှိခဲ့သည်။

“အုပ်ချုပ်ရေးမှူး မောင်သန်းလှိုင်က အနည်းဆုံး ငွေ သိန်း ၁၀၀ လောက် ဖြတ်စားလိုက်တယ်” ဟု ဖုံညိုလိပ်ရွာသားတစ်ဦးက ပြောသည်။

အလားတူ ပြင်လှသိန်းတန်ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း ရခိုင်အမျိုးသမီးများကို ငွေကျပ် ၉၀၀၀၀/- စီ အပြည့်ထုတ်ပေးခဲ့ပြီး ရိုဟင်ဂျာအမျိုးသမီးများကို ၈၀၀၀၀/- စီသာ ထုတ်ပေးခဲ့သည်။

ဘုရားပြင်အောင်ပကျေးရွာအုပ်ချုပ်ရေးမှူး မောင်ကြီး (ခ) ဦးကျော်စိန်ထိန်း က စက်တင်ဘာလ (၁၈) ရက်နေ့တွင် ရခိုင်အမျိုးသမီးများကို ငွေကျပ် ၉၀၀၀၀/- စီ ထုတ်ပေးခဲ့သည်။ ရိုဟင်ဂျာအမျိုးသမီး ၁၂၀ ဦးကိုလည်း ငွေကျပ် ၉၀၀၀၀/- စီ ထုတ်ပေးပြီးနောက် ရုံးစရိတ်ဟု ဆိုကာ ငွေကျပ် ၁၀၀၀၀/- စီ ကောက်ခံခဲ့သည်။ အမျိုးသမီး ၁၀၀ ကျော်ကို စာရင်းမှားနေသည်ဟု ဆိုကာ ငွေလုံး၀ မထုတ်ပေးကြောင်း ဒေသခံများက ပြောပါသည်။ အဆိုပါ အမျိုးသမီး ၁၀၀ ကျော်ကို စာရင်းစစ်ဆေးပြီး စက်တင်ဘာလ (၂၅) ရက်နေ့တွင် ထုတ်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ထုတ်ပေးခြင်းမရှိခဲ့ပေ။

ဦးကျော်စိန်ထွန်းသည် စက်တင်ဘာလ တစ်လစာအတွက် တစ်ဦးလျှင် ထောက်ပံ့ကြေး ၄၅၀၀၀/- နှုန်းဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ယူပြီး စက်တင်ဘာလ (၂၇) ရက်နေ့တွင် ထုတ်ပေးခဲ့သည်။ စက်တင်ဘာလ (၁၈) ရက်နေ့က ဇူလိုင်လနှင့် သြဂုတ်လ အတွက် ထောက်ပံ့ကြေး မရရှိခဲ့သည့် အမျိုးသမီး ၁၀၀ ကျော်ကို ဦးစားပေး၍ ထုတ်ပေးခဲ့သည်။ အမျိုးသမီး ၁၅၀ ကျော်ကို ထုတ်ပေးခဲ့သော်လည်း ၄၅၀၀၀/-၊ ၃၀၀၀၀/-၊ ၁၅၀၀၀ စသည်ဖြင့် သုံးမျိုးခွဲ၍ ထုတ်ပေးခဲ့သည်။

ပြိုင်းတောင်ကျေးရွာအုပ်စုတွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဝင်းက ဒိုင်းနက်အမျိုးသမီးများကို ငွေကျပ် ၉၀၀၀၀/- စီ ထုတ်ပေးပြီး ရိုဟင်ဂျာအမျိုးသမီးများကို ငွေကျပ် ၆၀၀၀၀/- စီ ထုတ်ပေးခဲ့သည်။ အမျိုးသမီး အချို့ကို အကြောင်းအမျိုးမျိုးပြ၍ ငွေမထုတ်ပေးဘဲ ဖြတ်စားလိုက်သည်ဟု ဒေသခံများက ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ