ဘူးသီးတောင်မြို့နယ်မှ ယာဉ်ထိန်းရဲများနှင့် ရွာသားများ ပူးပေါင်း၍ ရိုဟင်ဂျာယာဉ်မောင်းတစ်ဦးထံမှ ငွေ ၄၉ သိန်းညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ယာဉ်ထိန်းရဲများနှင့် ရွာသားများပူးပေါင်း၍ ရိုဟင်ဂျာ ယာဉ်မောင်းတစ်ဦးထံမှ ငွေ အဆမတန် ညှစ်ယူခဲ့သည်။

ဘူးသီးတောင်မြို့နယ်၊ တပ်မင်းချောင်းကျေးရွာအုပ်စု၊ အမှတ် (၅) ရပ်ကွက်ရှိ ယောက္ခမအိမ်သို့ ပြောင်းရွှေ့နေထိုင်နေသူ ဦးမူဟိဗ်ဘူလ္လာသည် သုံးဘီးတက္ကစီ (CNG) မောင်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသူဖြစ်သည်။ ၎င်းသည် စက်တင်ဘာလ (၂၂) ရက်နေ့ ညနေ ၅ နာရီခန့် အချိန်တွင် ယာဉ်ထိန်းရဲဂိတ်စခန်းအနီးမှ တက္ကစီမောင်း၍ သွားနေစဉ် ရခိုင်ရွာသားနှစ်ဦးက ဆိုင်ကယ်ကိုယ်စီဖြင့် ပြိုင်တူမောင်း၍ ၎င်း၏ တက္ကစီကို ကျောက်တက်ခဲ့သည်။ ကျော်တက်နေစဉ် ဆိုင်ကယ်တစ်စီးက ၎င်း၏ တက္ကစီကို ဘေးမှ ဝင်တိုက်ပြီး လဲကျသွားခဲ့သည်။ ဆိုင်ကယ်နှစ်စီးစလုံး ပြိုင်တူမောင်းနှင်နေသောကြောင့် ကျန်သည့်တစ်စီးပါ လဲကျသွားခဲ့သည်။ သုံးဘီးတက္ကစီကို ဝင်တိုက်မိသည့် ဆိုင်ကယ်၏ ဒူးကာ အနည်းငယ် ပျက်စီးသွားပြီး လူဒဏ်ရာရရှိခြင်း မရှိခဲ့ပေ။

ထိုဖြစ်စဉ်ကို ယာဉ်ထိန်းရဲဂိတ်စခန်းမှ ဒုတပ်ကြပ် ထွန်းထွန်းဦးအပါအဝင် ယာဉ်ထိန်းရဲ (၄) ဦးက တွေ့ရှိခဲ့သည်။ ဆိုင်ကယ်ဖြင့် ဝင်တိုက်မိပြီး လဲကျသွားသည့် ရခိုင်ရွာသားနှစ်ဦးက တက္ကစီမောင်းနှင်နေသူ ဦးမူဟိဗ်ဘူလ္လာကို ရိုက်နှက်ရန်ပြုလုပ်နေစဉ် ယာဉ်ထိန်းရဲ (၄) ဦးရောက်ရှိလာပြီး သုံးဘီးတက္ကစီ၏ သော့ကို သိမ်းယူ၍ ရခိုင်ရွာသားနှစ်ဦးကို ရိုက်နှက်ခြင်း မပြုလုပ်ရန် တားမြစ်ခဲ့သည်။

ထို့နောက် ဘေးပတ်ဝန်းကျင်မှ ရခိုင်ရွာသား လူကြီးလူငယ် ၅၀ ဦးခန့် ရောက်ရှိလာပြီး သုံးဘီးတက္ကစီကို သိမ်းယူရန်၊ လူကို ဖမ်းဆီး ရိုက်နှက်ရန် ပြောဆိုသည့်အပြင် ဆဲဆိုစော်ကားခြင်းများ ပြုလုပ်ခဲ့သည်။ ဆိုင်ကယ်သမားနှစ်ဦးက ဆိုင်ကယ်အသစ်နှစ်စီး ပေးလျော်ရန် တောင်းဆိုကြသည်။ ယာဉ်ထိန်းရဲများနှင့် ရခိုင်လူကြီးများက မည်သူက ဝင်တိုက်ခဲ့ပြီး၊ မည်သူက အပြစ်ရှိသည်ကို စစ်ဆေးမေးမြန်းခြင်း မပြုလုပ်ဘဲ ဆိုင်ကယ်အသစ်နှစ်စီး ပေးလျော်ရမည်ဟုသာ ပြောဆိုခဲ့သည်။ ယာဉ်ထိန်းရဲ (၄) ဦးက ဖြစ်စဉ်အစအဆုံးကို မြင်ခဲ့သော်လည်း ရခိုင်လူကြီးများ ပြောဆိုသည့်အတိုင်းသာ သံယောင်လိုက်ခဲ့ကြသည်။

နောက်ဆုံးတွင် တစ်ဦးတည်းဖြစ်နေသည့် ဦးမူဟိဗ်ဘူလ္လာက ဆိုင်ကယ်နှစ်စီးအသစ် ပေးလျော်ရန် သဘောတူလိုက်သော်လည်း ယာဉ်ထိန်းရဲများနှင့် ရခိုင်လူကြီးများ ဆိုင်ကယ်အသစ်နှစ်စီး ပေးလျော်ရုံနှင့် မပြီးကြောင်း၊ ပြဿနာဖြေရှင်းခ၊ ရဲကြေး၊ အမှုမဖွင့်ရအောင် ငွေကြေး စသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ငွေကျပ် သိန်း ၅၀ တောင်းခံခဲ့သည်။

၎င်းတို့ တောင်းခံသည့်အတိုင်း ငွေကျပ် သိန်း ၅၀ မပေးပါက ထောင်ဒဏ်ကျအောင် လုပ်မည်ဟု ခြိမ်းခြောက်သဖြင့် နောက်ဆုံးတွင် ညနေ ၇ နာရီ အချိန်၌ ငွေကျပ် ၄၉ သိန်း ပေးခဲ့ရသည်ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ ထိုငွေ ၄၉ သိန်းကို ယာဉ်ထိန်းရဲ ထွန်းထွန်းဦးက လက်ခံယူခဲ့သည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ