ဘူးသီးတောင်မြို့ပေါ်တွင် ယာဉ်ထိန်းရဲများနှင့် ရခိုင်လူမျိုးတစ်ဦး ပူးပေါင်း၍ ရိုဟင်ဂျာများထံမှ ငွေညှစ်၊ မပေးသူများကို ရိုက်နှက်
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်တွင် ယာဉ်ထိန်းရဲများနှင့် ရခိုင်လူမျိုးတစ်ဦး ပူးပေါင်း၍ ဆိုင်ကယ်နှင့် သုံးဘီး တက္ကစီ မောင်းသည့် ရိုဟင်ဂျာများထံမှ ငွေညှစ်ခြင်း၊ မပေးနိုင်သူများကို ရိုက်နှက်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ဘူးသီးတောင်မြို့ရှိ ယာဉ်ထိန်းရဲများက မြို့ပေါ်တွင် မောင်းနှင်သွားလာလျက်ရှိသည့် ရိုဟင်ဂျာများပိုင် ဆိုင်ကယ်များနှင့် သုံးဘီး တက္ကစီများမှ လစဉ်ကြေးဟုဆိုကာ လိုင်းဆွဲ ဆိုင်ကယ် တစ်စီးလျှင် ၅၀၀၀ ကျပ်၊ သုံးဘီးတက္ကစီ တစ်စီးလျှင် ၁၀၀၀၀ ကျပ်နှင့် ကားတစ်စီးလျှင် ၁၅၀၀၀ ကျပ်စီ လစဉ် ကောက်ခံလျက်ရှိသည်။

ယာဉ်ထိန်းရဲများသည် ရိုဟင်ဂျာများပိုင် ဆိုင်ကယ်၊ သုံးဘီးတက္ကစီနှင့် ကား စသည့် ယာဉ်များကို ရပ်ခိုင်း၍ ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်၊ မီး၊ နောက်ကြည့်မှန် စသည်တို့ကို စစ်ဆေးခြင်းများပြုလုပ်လေ့ရှိပြီး ဥပဒေနှင့် ငြိစွန်းသော တစ်စုံတစ်ရာ မတွေ့ရှိလျှင် ငွေညှစ်ခြင်းပြုလုပ်ခဲ့ပြီး ယခုအခါ စုံလင်စွာ ရှိလျှင်လည်း ငွေညှစ်မှုများပြုလုပ်နေကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

ဒုတပ်ကြပ် နေမင်းခိုင် (အသက် ၂၅-နှစ်ခန့်) သည် လွန်ခဲ့သည့် ၃-လကျော်မှစ၍ ယာဉ်ထိန်းရဲအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီး မောင်းနှင်သွားလာသည့် ဆိုင်ကယ်၊ တက္ကစီ၊ ကား စသည့် ယာဉ်များကို ရိုဟင်ဂျာများက မောင်းနှင်နေသည်ကို တွေ့လျှင် ရပ်ခိုင်းပြီး စစ်ဆေးမှုများပြုလုပ်ဟန်ဖြင့် သော့ယူလိုက်ပြီး စာရွက်စာတမ်း စုံလင်စွာ ရှိလျှင်လည်း ငွေကြေးတောင်းခံခြင်း၊ မပေးသူများကို အမျိုးမျိုး ခြိမ်းခြောက်ခြင်း၊ သော့ပြန်မအပ်ခြင်း၊ ဆဲဆိုရိုက်နှက်၍ ငွေညှစ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သုံးဘီး တက္ကစီမောင်း တစ်ဦးက ပြောသည်။ 

ထို့အပြင် ယာဉ်ထိန်းရဲ တပ်ကြပ်သန်းရွှေ (အသက် ၅၅-နှစ်) ၏ အစ်ကို၊ အမှတ် ၃-ရပ်ကွက်ရှိ ဗလီကြီး၏ တောင်ဘက်နှင့် မြို့နယ်ရဲစခန်း၏ မြောက်ဘက်ထောင့်၌ လမ်းမကြီးနှင့် ကပ်လျက်ရှိသည့် ၂-ထပ်တိုက်အိမ်နေ ဦးမောင်ကျော်သိန်း (အသက် ၆၀-နှစ်) သည် စည်ပင်သာယာရေးဦးစီးဌာန၏ အမိန့်အရဟုဆိုကာ ရိုဟင်ဂျာများပိုင် သုံးဘီးတက္ကစီ၊ လိုင်းဆွဲ ဆိုင်ကယ် တို့မှ ယာဉ်ရပ်နားခွန် ဟုဆိုကာ တစ်ရက်လျှင် ၅၀၀ ကျပ် (သို့) တစ်လလျှင် ၁၀၀၀၀ ကျပ်စီ ကောက်ခံနေပြီး မပေးနိုင်သူများကို အခြားရခိုင်အရပ်သားများဖြင့် ပူးပေါင်း၍ ကိုယ်ထိလက်ရောက် စော်ကားခြင်းများပြုလုပ်လျက်ရှိကြောင်း မြို့ခံတစ်ဦးကပြောသည်။

"သူတို့ ငွေညှစ်ချင်ရင် ယာဉ်မောင်းလိုင်စင်ရှိလား ကြည့်တယ်၊ မရှိရင် ငွေညှစ်လို့ရပြီ၊ ရှိရင် ယာဉ်လိုင်စင်ကြည့်တယ်၊ အဲဒါ ရှိရင် နောက်တစ်ခု၊ နောက်ကြည့်မှန် ရှိလား၊ အဲဒါရှိရင် အချက်ပေးမီး ရှိလား စသဖြင့်ပေါ့၊ ဆိုးတာက ရိုဟင်ဂျာဆိုရင် ရှိရှိ၊ မရှိရှိ နောက်ဆုံးမှာ ပေးလိုက်ရတော့တာပါပဲ၊ အခုဆိုရင် လစဉ်ကြေး၊ ရပ်နားခဆိုပြီး ရိုဟင်ဂျာတွေဆီကပဲ ကောက်နေတယ်။ သူတို့က ရခိုင်တွေဘက်ကို လှည့်တောင်မကြည့်ဘူး၊ ငွေညှစ်တာလည်း ရိုဟင်ဂျာတွေဆီကပါပဲ။ ယာဉ်တိုက်မှုဆိုရင် ရခိုင်လူမျိုးပိုင် ယာဉ်တစ်စီးက ရိုဟင်ဂျာပိုင်ယာဉ်တစ်စီးကို ဝင်တိုက်မိရင်လည်း နစ်နာသူ ရိုဟင်ဂျာဘက်ကပဲ ပျက်စီးသွားတာတွေအတွက် လျော်ကြေးပေးရတဲ့အပြင် အဲဒီယာဉ်ထိန်းရဲတွေက ငွေသိန်းချီ ညှစ်တဲ့ဒဏ်ကိုလည်း ခံရတယ်။ အမျိုးမျိုး တဖက်သတ် အနိုင်ကျင့်တာ အများကြီးပါပဲ'' ဟု ယာဉ်မောင်းတစ်ဦးက ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ