ဘူးသီးတောင်၌ လယ်ယာမြေ မြေခွန်ပြေစာ အမည်ပြောင်းရန် မြေတိုင်းစာရေးက ငွေအဆမတန်ယူ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း သေကံခွဆုံကျေးရွာအုပ်စု တာဝန်ကျ မြေတိုင်းစာရင်း ဦးထွန်းလှ က လယ်ယာမြေ ပိုင်ဆိုင်မှု မြေခွန်ပြေစာ အမည်ပြောင်းရာတွင် ငွေကြေး အဆမတန်ကောက်ခံလျက်ရှိသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း သေကံခွဆုံကျေးရွာအုပ်စု၊ ကျောက်ဖြူသားသေကံကျေးရွာအုပ်စုနှင့် ဖိုးခေါင်ချောင်းကျေးရွာအုပ်စု သုံးအုပ်စုတွင် တာဝန်ကျနေသည့် မြေတိုင်းစာရေး ဦးထွန်းလှသည် လယ်ယာမြေ ပိုင်ဆိုင်မှု အမည်ပြောင်းလို၍ ၎င်းထံချဉ်းကပ်လာသူများထံမှ ပိုင်ဆိုင်မှု အမည်ပြောင်းလိုသော လယ်ယာမြေတန်ဖိုး၏ ၁၀ ရာခိုင်နှုန်း ငွေယူသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ လယ်ယာမြေ တန်ဖိုး၏ ၁၀ ရာခိုင်နှုန်း မပေးသူများကို အမည်ပြောင်းမပေးဟု ဒေသခံများက ဆိုကြသည်။

လယ်ယာမြေအမည်ပြောင်းရန် ခက်ခဲနေခြင်းနှင့် ပတ်သက်၍ “အချို့က မိဘပိုင်မြေကို မိဘတွေဆုံးသွားတော့ သားသမီးတွေက သူတို့ နာမည်ပေါက်အောင် ပြောင်းကြတယ်။ အချို့က အရောင်းအဝယ်လုပ်ပြီး အမည်ပြောင်းဖို့အတွက် မြေတိုင်းစာရေးဆီကို ကိုယ်တိုင်သွားပြီး ပြောင်းကြတယ်။ ဒီမှာ ကြုံတွေ့နေရတဲ့ အခက်အခဲက မြေတိုင်းစာရေးကို လယ်ယာမြေတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းပေးနေရတာပါ။ ၁၀ ရာခိုင်နှုန်းပေးဖို့ မတတ်နိုင်တဲ့သူတွေက နာမည်မပြောင်းဘဲ ဒီတိုင်းသာ ထားလိုက်ကြတယ်။ အဲလို ထားလို့လည်း ပြီးသလား ဆိုတော့ မပြီးပြန်ဘူး။ မြေတိုင်းစာရေး ဦးထွန်းလှက နာမည်ပြောင်းရင်ပြောင်း၊ မပြောင်းရင် လယ်ယာမြေတွေ သိမ်းခံရမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မြေတိုင်းစာရေး ဦးထွန်းလှသည် သေကံခွဆုံကျေးရွာအုပ်စု တာဝန်ခံ ဦးယာဟယားနှင့် ပူးပေါင်း၍ လယ်ယာမြေ အမည်ပြောင်းရမည့်သူများ၏ စာရင်းကို ပြုစုပြီး၊ ပိုင်ရှင်များကို ဆင့်ခေါ်၍ အမည်မပြောင်းပါက လယ်ယာမြေ သိမ်းဆည်းခံရမည်ဟု ခြိမ်းခြောက်သည်။

စက်တင်ဘာလ (၈) ရက်နေ့တွင် မြေတိုင်းစာရေး ဦးထွန်းလှသည် သေကံကျေးရွာအုပ်စု၊ မော်စ်တော်ဘီစ်ကျေးရွာသို့ ရောက်ရှိလာပြီး လယ်ယာမြေ အမည်ပြောင်းရမည့်သူများကို တစ်နေရာတည်းသို့ ခေါ်ယူစုရုံးပြီး “မင်းတို့ရဲ့ လယ်ယာမြေတွေကို နာမည်ပြောင်းရမယ်။ ပြောင်းဖို့အတွက် လယ်ယာမြေရဲ့ တန်ဖိုးကနေ ၁၀ ရာခိုင်နှုန်း ပေးသွင်းရမယ်။ အဲလို ငွေသွင်းပြီး မပြောင်းရင် လယ်ယာမြေတွေ သိမ်းခံရမယ်” ဟု ပြောဆို ခြိမ်းခြောက်ခဲ့သည်။

၎င်း၏ ခြိမ်းခြောက်မှုကြောင့် မောစ်တော်ဘီစ်ရွာမှ လယ်ယာမြေ ပိုင်ရှင် (၅) ဦးက လယ်ယာမြေများ တန်ဖိုး၏ ၁၀ ရာခိုင်နှုန်း ပေး၍ အမည်ပြောင်းခဲ့သည်။ ၁၀ ရာခိုင်နှုန်းပေးပြီး အမည်ပြောင်းခဲ့သူများမှာ -- 

(၁) ဦးရော်ရှိတ်အာမတ် (ဘ) ဦးမုခ်တာရ်အာမတ် (ပေးရသည့်ငွေ ၉၀၀၀၀/-)

(၂) ဦးနူရ်မာမတ် (ဘ) ဦးမာမတ်ရှော်ဖီ (ပေးရသည့်ငွေ ၇၀၀၀၀/-)

(၃) ဦးဆိုက်ဖုလ္လာ (ဘ) ဦးအာမတ်ဒူလ္လာ (ပေးရသည့်ငွေ ၇၀၀၀၀/-)

(၄) ဦးဖေရုစ်အာမတ် (ဘ) ဦးမော်နိရ်အာမတ် (ပေးရသည့်ငွေ ၂၃၀၀၀၀/-)

(၅) ဒေါ်ဇူရာခါတူ (ဘ) ဦးဂူရာမျာ (ပေးရသည့်ငွေ ၂၀၀၀၀၀/-) တို့ဖြစ်ကြသည်။ 

မြေတိုင်းစာရေး ဦးထွန်းလှသည် ယခင်ကလည်း ၎င်းတာဝန်ကျခဲ့သည့် ဒေသများတွင် ပြေစာ အမည်ပြောင်းလိုသူများထံမှ လယ်ယာမြေတန်ဖိုး၏ ၁၀ ရာခိုင်နှုန်း ယူခဲ့သည်ဟု စုံစမ်းသိရှိရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ