ဘူးသီးတောင် ဦးလှဖေ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား ထောက်ပံ့သောငွေကို အလွဲသုံးစားလုပ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဦးလှဖေကျေးရွာအုပ်ချုပ်ရေးအဖွဲ့က နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် ထောက်ပံ့သောငွေများကို အလွဲသုံးစား ပြုလုပ်သည်ဟု ဒေသခံများက ပြောသည်။

ဦးလှဖေ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့တိုက်မိခင်များ၏ စာရင်းကောက်ခံရာ အမျိုးသမီး ၃၀၀ ဦးခန့် စာရင်းကောက်ခံရရှိခဲ့သည်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ စာရင်းတင်ပြရာတွင် အမျိုးသမီး ၄၀၀ ကျော်ဟု စာရင်းလိမ်၍ တင်ပြခဲ့သည်။ မြို့နယ် ထွေအုပ်ရုံးမှ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က တင်ပြသည့်အတိုင်း သြဂုတ်လ လဆန်းပိုင်းတွင် အမျိုးသမီး ၄၀၀ ကျော်အတွက် ငွေထုတ်ပေးခဲ့သည်။

မြို့နယ်ထွေအုပ်ရုံးက အမျိုးသမီးတိုင်းအတွက် ငွေကျပ် ၉၀၀၀၀/- စီ ထုတ်ပေးခဲ့သော်လည်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ငွေကျပ် ၇၀၀၀၀/- စီသာ ထုတ်ပေးပြီး ကျန်သည့် ၂၀၀၀၀/- စီကို ဖြတ်စားလိုက်သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က မြို့နယ် ထွေအုပ်ရုံးမှ ဒု-ဦးစီးမှူးနှင့် စာရေးများကို လာဘ်ငွေပေးရသောကြောင့် ငွေကျပ် ၂၀၀၀၀/- စီ ဖြတ်ယူခဲ့ရသည်ဟု ဆိုသည်။ အမျိုးသမီး ၁၀၀ ကျော်အတွက် စာရင်းလိမ်ပြီး ရရှိသည့်ငွေများကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ခွဲဝေယူခဲ့သည်။

စက်တင်ဘာလ လဆန်းပိုင်းတွင် မြို့နယ် ထွေအုပ်ရုံးနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးသူငယ်များကို ကာကွယ်ဆေးထိုးရန် ရောက်ရှိလာပြီး ငွေထုတ်ပေးခဲ့သည့် စာရင်းအတိုင်း ကာကွယ်ဆေးထိုးပေးရာ ၃၀၀ ခန့်သာ တွေ့ရှိပြီး၊ ၁၀၉ ဦး ပျက်ကွက်နေသည်ကို တွေ့ရှိသွားခဲ့သည်။ မြို့နယ် ထွေအုပ်ရုံးမှ ဝန်ထမ်းများက ကာကွယ်ဆေးထိုးရန် ပျက်ကွက်သူ ၁၀၉ ဦးနှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးကို မေးမြန်းရာ ခိုင်လုံသည့် အကြောင်း မပြနိုင်ဘဲ နောက်ဆုံးတွင် စာရင်းလိမ်လည်၍ ငွေထုတ်စားခဲ့သည့် အလိမ်ပေါ်သွားပြီး၊ ၁၀၉ ဦးအတွက် ထုတ်ယူခဲ့သည့်ငွေများကို မြို့နယ် ထွေအုပ်ရုံးသို့ ပြန်ပေးခဲ့ရသည်ဟု ဒေသခံများက ပြောပါသည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က သြဂုတ်လတွင် ငွေလက်ခံခဲ့သည့် အမျိုးသမီး ၃၀၀ ခန့်မှ ဆင်းရဲပြီး မပြောတတ်မဆိုတတ်သော အမျိုးသမီး ၁၀၉ ဦးကို ရွေးချယ်စာရင်းပြုစုပြီးနောက် အုပ်ချုပ်ရေးမှူးရုံးသို့ ဆင့်ခေါ်ခဲ့သည်။ အဆိုပါ အမျိုးသမီးများအား သြဂုတ်လတွင် ထုတ်ပေးခဲ့သည့် ငွေများမှာ မြို့နယ် ထွေအုပ်ရုံးမှ စာရင်းမှားပြီး ထုတ်ပေးခဲ့တာ ဖြစ်ကြောင်း၊ ယင်းငွေများကို ပြန်ပေးရမည် ဖြစ်ကြောင်း၊ စက်တင်ဘာလမှ စ၍ ငွေပြန်ထုတ်ပေးမည် ဖြစ်ကြောင်း၊ လက်ခံရရှိထားသည့် ငွေများကို ယခု ပြန်ပေးရမည် ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ပြောဆိုပြီး ငွေပြန်တောင်းသော်လည်း အမျိုးသမီးများက ငွေများ သုံး၍ ကုန်သွားပြီ ဖြစ်ကြောင်း၊ ပြန်ပေးရန် ငွေမရှိကြောင်း တင်ပြခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ငွေပြန်ရရန် နည်းလမ်းမတွေ့သောကြောင့် စက်တင်ဘာလတွင် ထုတ်ပေးသည့်ငွေမှ ဖြတ်ယူရန် သဘောတူပါသည်ဟု ခံဝန်စာချုပ်ပြုလုပ်ပြီး အမျိုးသမီး ၁၀၉ ဦးကို လက်မှတ်ရေးထိုးခိုင်းခဲ့သည်။

ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်ထွေအုပ်ရုံးမှ စက်တင်ဘာလအတွက် ငွေထုတ်ယူပြီးနောက် ယခုကဲ့သို့ လက်မှတ်ရေးထိုးခိုင်းခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာလ (၁၁) ရက်နေ့တွင် စက်တင်ဘာလအတွက် ငွေများ ထုတ်ပေးရာတွင် အမျိုးသမီး ၁၀၉  ဦးထံမှ ငွေကျပ် ၇၀၀၀၀/- စီ ဖြတ်ယူပြီး၊ ငွေကျပ် ၂၀၀၀၀/- စီသာ ထုတ်ပေးခဲ့သည်။ ထို့အပြင် ငွေကျပ် ၂၀၀၀၀/- မှ ရုံးစရိတ်ဟုဆိုကာ ငွေကျပ် ၅၀၀၀/- စီ ဖြတ်ယူခဲ့သည်။

ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ လိမ်လည်ရယူခဲ့သည့် ငွေများကို ပြန်ပေးရပြီးနောက် ဆင်းရဲနွမ်းပါးသည့် အမျိုးသမီး ၁၀၉ ဦးကို ခေါင်းပုံဖြတ်ပြီး လိမ်ခဲ့သည့်ငွေပမာဏကို ပြန်ရအောင် ယူလိုက်ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ငွေကြေး လိမ်လည်မှုတွင် ပါဝင်သည့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များမှာ -- ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာစ်မော်တူလ္လာ (ဘ) ဦးဇော်ကိရ်အာမတ်၊ ရုံးစာရေး ဦးရှောမ်ရှူ (ဘ) ဦးဟာလာမျာ နှင့် အုပ်ချုပ်ရေးမှူး၏ တပည့်များဖြစ်ကြသည့် ဦးမာမတ်အာမီးန် (ဘ) ဦးရှောဘူ နှင့် ဦးအာလောမ်ဂိရ် (ဘ) ဦးရှူနာအလီ တို့ဖြစ်ကြသည်။

ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ပြင်ကျေးရွာတွင်လည်း အုပ်ချုပ်ရေးမှူး ဦးကျော်စိန်ဝင်းနှင့် ကျေးရွာတာဝန်ခံ ဦးရော်ရှိတ်အာမတ် (ဘ) ဦးဟာဆောင်န် တို့က ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် ၁၅၀ ဦးကို သြဂုတ်လတွင် ငွေကျပ် ၄၀၀၀၀/- စီသာ ထုတ်ပေးပြီး၊ ၅၀၀၀၀/- စီ ဖြတ်စားခဲ့သည်။ စက်တင်ဘာလတွင်လည်း ငွေကျပ် ၇၀၀၀၀/- စီသာ ထုတ်ပေးပြီး ငွေကျပ် ၂၀၀၀၀/- စီ ဖြတ်စားခဲ့သည်။ သိမ်တောင်ပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိန်ဝင်းသည် ဗုဒ္ဓဘာသာဝင် ဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို သြဂုတ်လနှင့် စက်တင်ဘာလ နှစ်လစလုံးတွင် ငွေကျပ် ၉၀၀၀၀/- စီ အပြည့် ထုတ်ပေးခဲ့သည်။

နိုင်ငံတော်မှ ထုတ်ပေးနေသည့် ထောက်ပံ့ကြေးများကို ဖြတ်စား၊ လိမ်စားနေသည့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များကို သက်ဆိုင်ရာမှ ဟန့်တား အရေးယူပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ