ဘူးသီးတောင် ဖရုံချောင်းကျေးရွာအုပ်စုမှ ရိုဟင်ဂျာ ၃၀ ကျော် ပေါ်တာဆွဲခံရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းတွင် လုံခြုံရေးဆောင်ရွက်နေသည့် မြန်မာစစ်တပ်မှ စစ်သားများသည် လမ်းတစ်လျှောက်တွင် တွေ့သမျှ ရိုဟင်ဂျာများကို ပေါ်တာဆွဲခေါ်သွားသည်ဟု ဒေသခံများက ပြောသည်။ 

စက်တင်ဘာလ (၁၅) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း စိမ်းညှင်းပြားကျေးရွာရှိ စာသင်ကျောင်းသို့ ရောက်ရှိလာသည့် မြန်မာစစ်တပ်မှ စစ်သားများသည် စက်တင်ဘာလ (၁၇) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စိမ့်ညှင်းပြားကျေးရွာမှ ညောင်ချောင်းနယ်မြေသို့ ထွက်ခွာသွားခဲ့သည်။ စစ်သားများသည် ဖရုံချောင်းကျေးရွာအုပ်စုကို ဖြတ်သန်းသွားစဉ် ဖရုံချောင်းရွာနှင့် ပြိုင်းတောင်ရွာ လမ်းတစ်လျှောက် တွေ့သမျှ ရိုဟင်ဂျာများကို ပေါ်တာဆွဲ၍ ၎င်းတို့၏ အထုပ်များကို ထမ်းခိုင်းပြီး ညောင်ချောင်းနယ်မြေအထိ ပို့ခိုင်းခဲ့သည်။ ရိုဟင်ဂျာ ၃၀ ကျော် ပေါ်တာဆွဲခံရသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။

ပေါ်တာဆွဲသွားသူများကို ညောင်ချောင်းနယ်မြေသို့ ရောက်ပြီး ပြန်လည်လွှတ်ပေးလိုက်သော်လည်း စစ်သားများနှင့်အတူ လမ်းလျှောက်သွားရသောကြောင့် အသက်အန္တရာယ် အလွန်စိုးရိမ်ရသည်ဟု ဒေသခံများက ဆိုကြသည်။ 

“ဘူးသီးတောင် တောင်ပိုင်းမှာ လှုပ်ရှားနေတဲ့ စစ်သားတွေက မကြာခဏ မိုင်းခွဲခံရတယ်။ တိုက်ခိုက်ခံရတယ်။ သူတို့ ပေါ်တာဆွဲသွားတဲ့အချိန်မှာ ပါသွားတဲ့လူတွေက သူတို့နဲ့အတူ မိုင်းထိပြီး ထိခိုက်သွားမှာကို စိုးရိမ်ရတယ်။ တစ်စုံတစ်ခုဖြစ်ရင် စစ်တပ်က တာဝန်ယူ ဖြေရှင်းပေးတာ မရှိဘူး။ အခု ဖရုံချောင်း၊ ပြိုင်းတောင်ကနေ ရိုဟင်ဂျာတွေကို ပေါ်တာဆွဲသွားတဲ့ စစ်သားတွေက ၁၅ ရက်နေ့တုန်းက ကင်းချောင်းတံတားနားမှာ မိုင်းခွဲခံခဲ့ရတယ်။ မိုင်းကွဲပြီးတဲ့နောက် စစ်သားတွေက လယ်ထဲမှာ အလုပ်လုပ်နေတဲ့ သပိတ်တောင်ကျေးရွာသား အဒူကော်ရီးမ်ကို အနီးကပ် ပစ်သတ်ခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

စက်တင်ဘာလ (၁၁) ရက်နေ့တွင် တပ်မ ၂၂ နှင့် တပ်ရင်း ၅၅၁ တို့မှ စစ်သားများသည် သေကံခွဆုံကျေးရွာမှ ရိုဟင်ဂျာများပိုင် စက်လှေ ၄ စီးကို ပေါ်တာဆွဲ၍ ရသေ့တောင်သို့ သွားနေစဉ် ဝက်မကျကျေးရွာနှင့် ဆင်ခုန်းတိုင်ကျေးရွာ အကြားရှိ ဒီရေတောမှ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ပေါ်တာဆွဲခံခဲ့ရသည့် ရိုဟင်ဂျာများကို စစ်သားများကို ကူညီသည်ဟု ဆိုကာ AA တပ်ဖွဲ့ဝင်များက ပြစ်တင်ပြောဆိုခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

ယခုနှစ် မေလ ၆ ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ ဆင်ခုန်းတိုင်ကျေးရွာ အုပ်ချုပ်ရေးတာဝန်ခံ ဦးအာဘူတာဟဲရ်နှင့် ၎င်း၏ ယောက်ဖတော်စပ်သူ ဦးရှောဘိရ်အာမတ် တို့ကို AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး၊ ယခုထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးဟု ရသေ့တောင်မှ ဒေသခံများက ပြောသည်။ 

တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုသည့် ရိုဟင်ဂျာများကို မြန်မာစစ်တပ်မှ စစ်သားများက အာဏာသုံး၍ အတင်းအဓမ္မ ခိုင်းစေခြင်း၊ ပေါ်တာဆွဲခြင်းတို့ကြောင့် အသက်အန္တရာယ်နှင့် ကြုံတွေ့နေရသည်။ စစ်သားများနှင့် အတူသွားရခြင်းမှာ သေတွင်းထဲသို့ သွားရသည်နှင့်တူသည်ဟု ဒေသခံများက ဆိုကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ