မင်းပြား အောင်တိုင်ကျေးရွာမှ ဆယ်ကျော်သက် ရိုဟင်ဂျာနှစ်ဦး မိုင်းထိ ဒဏ်ရာရ
အောင်ဇံဝေ Rohingya Today

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် အောင်တိုင်ကျေးရွာမှ နွားကျောင်းနေသည့် ဆယ်ကျော်သက် ရိုဟင်ဂျာနှစ်ဦး မြေမြှုပ်မိုင်းထိ၍ ဒဏ်ရာရရှိခဲ့သည်။

မင်းပြားမြို့နယ် အောင်တိုင်ကျေးရွာမှ ဦးဇူဘိုင်ရ်၏ သားတစ်ဦးနှင့် ဦးအာယာစ်၏ သားတစ်ဦးတို့သည် စက်တင်ဘာလ (၈) ရက်နေ့ ညနေ ၄ နာရီအချိန်တွင် အောင်တိုင်ကျေးရွာနှင့် ရွှေတမာကျေးရွာကြားရှိ တောင်ခြေစားကျက်၌ နွားကျောင်းနေစဉ် မြေမြှုပ်မိုင်းထိ၍ နှစ်ဦးစလုံး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

၎င်းတို့နှစ်ဦးစလုံး၏ မိသားစုဝင်များက မြောင်းဘွေဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိသည်။ ဒဏ်ရာရရှိသူနှစ်ဦး၏ အခြေအနေမှာ စိုးရိမ်ဖွယ်ရာ မဟုတ်သော်လည်း ယခုအချိန်ထိ မြောင်းဘွေဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။ 

မိုင်းပေါက်ကွဲသည့်နေရာသည် မြန်မာစစ်တပ်နှင့် AA တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားသည့် နေရာဖြစ်သည်။ မြန်မာစစ်တပ်မှ စစ်သားများ မိုင်းထိရန် AA က ထောင်ထားသည့် မိုင်းဖြစ်နိုင်သလို၊ AA တပ်ဖွဲ့ဝင်များ ထိရန် မြန်မာစစ်တပ်က ထောင်ထားသည့် မိုင်းလည်း ဖြစ်နိုင်သည်ဟု ဒေသခံများက ဆိုကြသည်။

“ဘယ်အဖွဲ့က ထောင်ထားတဲ့ မိုင်းဆိုတာကိုတော့ ကျွန်တော်တို့ ပြောလို့မရဘူး။ ဘယ်အဖွဲ့က ထောင်တယ်ဆိုတာ အဓိကပေမယ့် အခု စစ်တပ်နဲ့ AA တို့အကြား တိုက်ပွဲတွေမှာ တိုက်ပွဲနဲ့ ပတ်သက်မှုမရှိတဲ့ ရိုဟင်ဂျာတွေ ထိခိုက်နေရတယ်။ ဒဏ်ရာရသွားတဲ့ ကလေးနှစ်ယောက်စလုံးက ဆယ်ကျော်သက်တွေပါ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ