ဘူးသီးတောင် တာဝန်ကျ ယာဉ်ထိန်းရဲတစ်ဦး၏ နှိပ်ကွပ်မှုကြောင့် သုံးဘီးတက္ကစီ မောင်းနှင်သည့် ရိုဟင်ဂျာများ၏ စားဝတ်နေရေးပင် ထိခိုက်နေရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် တာဝန်ကျနေသည့် ယာဉ်ထိန်းရဲ ဦးသန်းရွှေက CNG သုံးဘီးတက္ကစီ မောင်းနှင်သည့် ရိုဟင်ဂျာများထံမှ ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်များကို စစ်ဆေးပြီး မပါသူများထံမှ ငွေညှစ်ပြီးနောက် နောက်နောင် မမောင်းတော့ရန် စော်ကားခြိမ်းခြောက်၍ ပြောဆိုခဲ့သည်။ 

စက်တင်ဘာလ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် ယာဉ်ထိန်းရဲ ဦးသန်းရွှေသည် အနောက်ကွင်း ခွဆုံ (အမှတ် ၁ ရပ်ကွက် ခွဆုံ) ၌ ရိုဟင်ဂျာများ မောင်းနှင်သည့် CNG သုံးဘီးတက္ကစီများကို ရပ်တန့်ခိုင်းပြီး ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်များကို စစ်ဆေးခဲ့သည်။ လိုင်စင်မပြနိုင်သူများကို အမှတ် (၅) ရပ်ကွက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးသို့ ခေါ်ဆောင်သွားပြီး တစ်နေကုန်ထိန်းသိမ်းထားခဲ့သည်။ ညနေပိုင်းတွင် တစ်ဦးချင်းစီထံမှ ငွေကျပ် ၂၅၀၀၀/- မှ ၅၀၀၀၀/- ထိ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဦးသန်းရွှေက “မင်းတို့ ကုလားတွေ ဒီလမ်းပေါ်မှာ CNG သုံးဘီးတက္ကစီ မောင်းလို့မရအောင် လုပ်မယ်” ဟု စော်ကားပြောဆို၍ ခြိမ်းခြောက်ခဲ့သည်။

သုံးဘီးတက္ကစီမောင်းနှင်သူများကို ပစ်မှတ်ထား ဖမ်းဆီးပြီး ငွေညှစ်ရခြင်းမှာ ၎င်း၏ ညီဖြစ်သူ မောင်ခင်သိန်းက ရိုဟင်ဂျာများ မောင်းနှင်သည့် သုံးဘီးတက္ကစီများနှင့် ဆိုင်ကယ်များထံမှ မြို့ပေါ်ရပ်နားခွန် အဆမတန် ကောက်ခံနေသည့်အပြင် လူမျိုးခွဲခြား၍ စော်ကားဆဲဆိုခဲ့သည့် သတင်းကို Rohingya Today ၌ ဖော်ပြခဲ့သည့်အတွက် ဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ 

စက်တင်ဘာလ (၁၄) ရက်နေ့ နံနက်ပိုင်းတစ်ချိန်တည်းတွင် CNG သုံးဘီးတက္ကစီ (၁၀) စီးကျော် ဖမ်းဆီးခဲ့သည်။ အစုလိုက်အပြုံလိုက် ဖမ်းဆီးနေသည်ကို အခြားသော သုံးဘီးတက္ကစီမောင်းနှင်သူများက တွေ့ရှိပြီး ၎င်းတို့၏ သုံးဘီးကားများကို ဆက်မမောင်းတော့ဘဲ နေအိမ်များထဲသို့ သွင်းထားခဲ့ကြသည်။ တက္ကစီမောင်း၍ မိသားစု အသက်မွေးဝမ်းကြောင်း ပြုနေသူများက အတိဒုက္ခရောက်ကြရသည်။ 

“ဖမ်းခံရပြီး ငွေညှစ်ရသူအားလုံးက လိုင်စင်ကြောင့်ပါ။ သုံးဘီးမောင်းနေတဲ့သူ အများစုက လိုင်စင်မရှိကြဘူး။ မရှိကြဘူးဆိုတာ လုပ်ဖို့လည်း မလွယ်ဘူး။ လိုင်စင်မရှိတော့ နေ့တိုင်း ယာဉ်ထိန်းရဲတွေကို ဆက်ကြေး ပေးရတယ်။ အဲလို မောင်းနေတာ ရိုဟင်ဂျာတွေချည်း မဟုတ်ဘူး။ ရခိုင် ဗုဒ္ဓဘာသာဝင်တွေ အများစုကလည်း လိုင်စင်မရှိကြဘူး။ ဒါပေမယ့် သူတို့ကိုကျတော့ လိုင်စင်စစ်တာ၊ ဘီးခွန်ကောက်တာ၊ ရပ်နားခွန် ကောက်တာ၊ ငွေညှစ်တာတွေ မလုပ်ဘူးဗျ။ ကျွန်တော်တို့ ရိုဟင်ဂျာတွေကို သီးသန့် ပစ်မှတ်ထားပြီး နည်းမျိုးစုံနဲ့ နှိပ်ကွပ်တယ်။” ဟု သုံးဘီးတက္ကစီ မောင်းသူတစ်ဦးက ပြောသည်။

“ဒီမှာရှိတဲ့ ဥပဒေက ကျွန်တော်တို့ ရိုဟင်ဂျာတွေကို သီးသန့် ရက်စက်ဖိနှိပ် ညှဉ်းပန်း ငွေညှစ်ဖို့ ဖြစ်တယ်။ အခြားလူမျိုး၊ ဘာသာဝင်တွေက ဥပဒေမလိုက်နာရင်လည်း ဘာမှ မဖြစ်ဘူး။ ကျွန်တော်တို့ကို နှိပ်ကွပ်ဖို့ သီးသန့် လုပ်ထားသလို ဖြစ်နေတယ်။ အခု ဒီယာဉ်ထိန်း သန်းရွှေ၊ သူ့ညီ မောင်ခင်သိန်း တို့ကြောင့် ကျွန်တော်တို့ သုံးဘီးတက္ကစီသမားတွေရဲ့ စားဝတ်နေရေး ထိခိုက်နေပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ