ဘူးသီးတောင် သပိတ်တောင်ကျေးရွာတွင် စစ်သားများက ရိုဟင်ဂျာတစ်ဦးကို အနီးကပ် ပစ်ခတ်သတ်ဖြတ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကင်းချောင်းကျေးရွာ တံတားအနီးတွင် မြန်မာစစ်တပ်မှ စစ်သားများ မိုင်းခွဲခံရပြီးနောက် စပါးခင်း၌ ပေါင်းမြက်ရှင်းနေသည့် ရိုဟင်ဂျာတစ်ဦးကို စစ်သားများက အနီးကပ်ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

စက်တင်ဘာလ (၁၅) ရက်နေ့ နံနက် ၁၁ နာရီခန့် အချိန်တွင် စစ်သားအင်အား ၁၀၀ ခန့်ရှိသည့် စစ်ကြောင်းတစ်ကြောင်းသည် ဘူးသီးတောင်မြို့နယ် တောင်ပိုင်းသို့ ခြေလျင်သွားနေစဉ် ကင်းချောင်းကျေးရွာအုပ်စုနှင့် သပိတ်တောင်ကျေးရွာအုပ်စု ကြားရှိ တံတားအနီးသို့ ရောက်သောအခါ တံတားမြောက်ဖက် မနီးမဝေးတွင် မိုင်းပေါက်ကွဲပြီး စစ်သားအချို့ ဒဏ်ရာရရှိခဲ့သည်။ 

မိုင်းပေါက်ကွဲပြီးနောက် စစ်သားများက အရပ်လေးမျက်နှာသို့ ပစ်ခတ်ခဲ့သည်။ ထိုသို့ ပစ်ခတ်နေစဉ် သပိတ်တောင် မြောက်ရွာမှ ဦးအဒူကော်ရီးမ် (ဘ) ဦးအဒူမူနာဖ် (အသက် ၄၅ နှစ်) သည် တံတား၏ မြောက်ဖက်ပိုင်းရှိ ၎င်းပိုင် စပါးခင်းတွင် ပေါင်းမြက်ရှင်းနေသည်ကို စစ်သားများက တွေ့ရှိပြီး အနီးကပ် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

“ကိုက်တစ်ရာလောက် အကွာအဝေးကနေ တည့်တည့်ပစ်သတ်တာပါ။ ကျည်ဆံတစ်တောင့်တည်း မဟုတ်ဘူး။ လေးငါးတောင့်လောက် ထိပြီး အဲဒီ စပါးခင်းမှာပဲ ပွဲချင်းပြီး သေသွားတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ 

စစ်သားများက အဆက်မပြတ် ပစ်ခတ်နေသဖြင့် ကင်းချောင်းရွာ၏ အနောက်ဘက်ရှိ ဒီရေတောထဲမှ AA တပ်ဖွဲ့ဝင်များက စစ်သားများကို ပြန်လည် ပစ်ခတ်ခဲ့ပြီး၊ မိနစ် ၂၀ ခန့် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲရပ်တန့် သွားသော်လည်း စစ်သားများက နေ့လည် ၂ နာရီထိ အရပ်လေးမျက်နှာသို့ သေနတ်များဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်။ ၎င်းတို့ ပစ်ခတ်သည့် ကျည်ဆံများသည် တံတား တောင်ဖက်ရှိ သပိတ်တောင်ရွာထဲသို့ ကျရောက်ပြီး အမျိုးသမီးတစ်ဦး ခြေထောက်၌ ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ သပိတ်တောင် မြောက်ရွာ အပြင်ဖက်ရှိ နွားတင်းကုတ်ထဲသို့လည်း သေနတ်များဖြင့် ပစ်ခတ်သဖြင့် နွားနှစ်ကောင် ကျည်ဆံထိမှန်ပြီး သေဆုံးသွားခဲ့သည်။ 

စစ်သားများသည် လမ်းပေါ်တွင် တွေ့သမျှ ရိုဟင်ဂျာများကို ညနေ ၄ နာရီထိ လမ်းဘေးတွင် ထိုင်ခိုင်းထားခဲ့သည်။ ညနေ ၄ နာရီအချိန်တွင် ရိုဟင်ဂျာများကို လွှတ်ပေးလိုက်ပြီးနောက် တောင်ဖက်သို့ ထွက်ခွာသွားခဲ့သည်။ 

ညနေ ၄ နာရီကျော်တွင် စစ်သားများသည် သပိတ်တောင်ကျေးရွာသို့ သွားရောက်၍ ရွာသားများကို တံတား၏ တောင်ဖက် လယ်ကွင်းတွင် လူတစ်ဦး ကျည်ဆံထိမှန် ထားကြောင်း၊ ရခိုင်လား၊ မွတ်စလင်လား ဆိုသည်ကို မသိကြောင်း၊ သွားကြည့်ကြရန် ပြောဆိုခဲ့သည်။ ရွာသားများက စစ်သားများ၏ ပြောဆိုချက်ကြောင့် သွားရောက်ကြည့်ရှုကြရာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများဖြင့် သေဆုံးနေသည့် ဦးအဒူကော်ရီးမ်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။ ရွာသားများက ၎င်း၏ ရုပ်အလောင်းကို ညနေပိုင်းတွင် နေအိမ်သို့ သယ်ဆောင်လာခဲ့သည်။ 

စစ်သားများသည် သပိတ်တောင်ကျေးရွာမှ ထွက်ခွာသွားပြီး ယခုအခါ စိမ့်ညှင်းပြားကျေးရွာရှိ ကျောင်း၌ စခန်းချထားသည်။ 

ဘူးသီးတောင်မြို့နယ်တွင် မြန်မာစစ်တပ်နှင့် AA တို့၏ တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲများတွင် ရိုဟင်ဂျာများ ကြားညှပ် ထိခိုက် နစ်နာနေရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ