ဘူးသီးတောင်မြို့နယ်၌ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား နိုင်ငံတော်မှ ထောက်ပံ့သည့်ငွေများကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ဖြတ်စား
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း မိကျောင်းဈေး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့တိုက်မိခင်များ (နှစ်နှစ်အောက် ကလေးများ၏ မိခင်များ) အတွက် ထောက်ပံ့ပေးသည့် ငွေများကို မှန်ကန်စွာ မဝေငှဘဲ နည်းမျိုးစုံဖြင့် ဖြတ်စားနေသည်။

၂၀၁၈ ခုနှစ် ဇူလိုင်လမှစ၍ နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့တိုက်မိခင်များအား ထောက်ပံ့ကြေးများ ပေးလျက်ရှိသည်။ ထိုထောက်ပံ့ကြေးများ ရယူရန်အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် နို့တိုက်မိခင်များက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံ စာရင်းပေးသွင်းရသည်။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ယင်းစာရင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူးက အတည်ပြုလျှင် ထောက်ပံ့ကြေး ရရှိသည်။ 

ယခုနှစ် မတ်လတွင် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း၊ မိကျောင်းဈေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဟာဘီဇူရာမာန် (ဘ) ဦးဆော်ယာဒ်ဒူရာမာန် (အသက် ၆၇ နှစ်)၊ ကျေးရွာတာဝန်ခံ ဦးဟာမိတ်ဟူစိန်း (အသက် ၄၅ နှစ်) တို့က မိကျောင်းဈေးကျေးရွာရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့တိုက်မိခင်များ (နှစ်နှစ်အောက် ကလေးများ၏ မိခင်များ) ၏ စာရင်းကောက်ခံခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးက မွေးထောက်ခံချက်၊ ကျန်းမာရေးမှူး (သို့) သားဖွားဆရာမမှ ကလေးအရှင် မွေးထောက်ခံချက်၊ ပုံစံမိတ္တူဆွဲခ၊ ရုံးအသုံးစရိတ်ဟု ဆိုကာ စာရင်းပေးသူများထံမှ ငွေကျပ် ၉၀၀၀/- စီ ကောက်ခံခဲ့သည်။ စာရင်းပေးသူ ၃၀၀ ဦးကျော်ရှိခဲ့သည်။

မိကျောင်းဈေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟာဘီဇူရာမာန်နှင့် ကျေးရွာတာဝန်ခံ ဦးဟာမိတ်ဟူစိန်း တို့သည် မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ စာရင်းပေးထားသည့် အမျိုးသမီး ၃၀၀ ကျော်အတွက် ငွေကျပ် သိန်း ၂၉၀ ကို ယခုလတွင် ထုတ်ယူပြီး စက်တင်ဘာလ (၁၄) ရက်နေ့ (စနေနေ့တွင်) အမျိုးသမီးများကို ဝေငှပေးခဲ့သည်။

ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ငွေကျပ် ၉၀၀၀/- စီပေး၍ စာရင်းပေးထားသူ ၄၀ ဦးခန့်ကို စာရင်းမပါဟု ဆိုကာ ပယ်ဖျက်ခဲ့သည်။ စာရင်းကောက်ခံချိန်တွင် ကိုယ်ဝန် ၆ လ မှ ၉ လကြား ရှိနေသူများသည် ယခုငွေဝေငှချိန်တွင် ကလေးများ မွေးဖွားပြီး ဖြစ်သောကြောင့် ၎င်းတို့ကို ကိုယ်ဝန်ဆောင်စာရင်းတွင် ပါရှိခဲ့ပြီး၊ ကလေးမွေးလိုက်သောကြောင့် ငွေပေးခွင့် မရှိ၊ မြို့နယ်အုပ်ချုပ်ရေးမှူးကို ငွေပြန်အပ်ရန် ညွန်ကြားချက်ရှိသည်ဟု ဆိုကာ ငွေမထုတ်ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ငွေဝေငှရာတွင် ကိုယ်ဝန် ၃ လ အောက်ရှိသူများကို ငွေကျပ် ၄၅၀၀၀/-၊ ကိုယ်ဝန် ၃ လ မှ ၆ လ ရှိသူများကို ငွေကျပ် ၆၀၀၀၀/-၊ ကိုယ်ဝန် ၇ လ မှ ၈ လ ရှိသူများကို ငွေကျပ် ၇၅၀၀၀/-၊ ကိုယ်ဝန် ၉ လ ရှိသူများကို ငွေကျပ် ၉၀၀၀၀/- စသည်ဖြင့် ခွဲ၍ ပေးခဲ့သည်။ နို့တိုက်မိခင်များကို ဝေငှရာတွင် ကလေး အသက် ၆ လ အောက်ရှိသူများကို ငွေကျပ် ၄၅၀၀၀/-၊ ကလေး အသက် ၆ လ မှ ၁၂ လ အောက်ရှိသူများကို ငွေကျပ် ၆၀၀၀၀/-၊ ကလေးအသက် ၁၂ လ မှ ၁၈ လ အောက်ရှိသူများကို ငွေကျပ် ၇၅၀၀၀/-၊ ကလေးအသက် ၁၈ လ မှ ၂၄ လ အောက် ရှိသူများကို ငွေကျပ် ၉၀၀၀၀/- စီပေးခဲ့သည်။ 

နိုင်ငံတော်မှ ထောက်ပံ့ကြေးများ ထုတ်ပေးရာတွင် တစ်ဦးလျှင် ငွေကျပ် ၉၀၀၀၀/- ဟုသာ ညွန်ကြားချက် ပါရှိပြီး၊ ကိုယ်ဝန်လကြာမြင့်မှု၊ ကလေးအသက်ဖြင့် ပိုင်းခြားမှုများ မရှိဟု ဒေသခံများက ဆိုကြသည်။ အခြားကျေးရွာများတွင် မိကျောင်းဈေးကဲ့သို့ ကိုယ်ဝန်လကြာမြင့်မှုနှင့် ကလေးအသက်ကို ခွဲ၍ ထုတ်ပေးခြင်း မရှိဟု သိရသည်။ 

မိကျောင်းဈေးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ခံတို့က ဘူးသီးတောင်မြို့သို့ သွား၍ ငွေထုတ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဒု-ဦးစီးမှူးကို ငွေပေးခဲ့ရကြောင်း၊ ၎င်းတို့နှစ်ဦး အသွားအလာ လမ်းစရိတ်လည်း ရှိကြောင်း ပြောဆို၍ ထောက်ပံ့ကြေး ထုတ်ယူသူများထံမှ တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀/- စီ ကောက်ခံခဲ့သည်။ 

“စာရင်းသွင်းတုန်းက ၉၀၀၀/- စီ ကောက်တယ်။ ငွေထုတ်ပေးတော့ တစ်သောင်းစီ ထပ်ကောက်တယ်။ တစ်ချို့တွေဆိုရင် လေးသောင်းခွဲရတော့ တစ်ဝက်ဖြတ်ခံရတယ်။ အဲဒီတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေ ထုတ်လာတဲ့ သိန်း ၂၉၀ ကနေ တွက်ကြည့်မယ်ဆိုရင် တစ်ဝက်ကျော်တောင် ဖြတ်စားလိုက်တယ်လို့ ပြောလို့ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

“အုပ်ချုပ်ရေးမှူး ဟာဘီဇူရာမာန် က အခုသတင်း မီဒီယာပေါ်ရောက်လို့ မရဘူး။ တကယ်လို့ ရောက်ရင် နောက်နောင် ထောက်ပံ့ကြေး ဘယ်တော့မှ ရမှာမဟုတ်တော့ဘူး။ ICRC က အထောက်အပံ့တွေ ဖြတ်လိုက်သလို ဖြတ်ခံရမယ်၊ လို့ခြိမ်းခြောက်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ 

မိကျောင်းဈေးကျေးရွာတွင် ၂၀၁၈ ခုနှစ်၌ ICRC က အထောက်အပံ့များ ပေးအပ်ခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးက မိကျောင်းဈေးကျေးရွာအုပ်စုတွင် မိသားစု ၂၉၀ ရှိသည်ကို ၃၅၀ ခန့်ရှိသည်ဟု လိမ်လည်စာရင်းတင်ခြင်း၊ ပစ္စည်းများ ဝေငှရာတွင် ရွာသားများထံမှ ဖြတ်စားခြင်း တို့ ပြုလုပ်သောကြောင့် ICRC မှ အထောက်အပံ့များ ဖြတ်တောက်ခဲ့သည်။ 

ရွာသားများထံမှ ဖြတ်စားရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ တာဝန်ခံတို့နှင့်အတူ ရုံးစာရေးများ ဖြစ်ကြသည့် ဦးတာဟဲရ် (ဘ) ဦးအဘူဆော်ယာဒ်၊ ဦးရှာကဲရ် (ဘ) ဦးဟာဆူမျာ၊ ရွာခန့်ကျောင်းဆရာ ဦးဟိုင်ရုလ်အစ္စလာမ် (ဘ) ဦးဆွေယာဒ်အာခ်ဘာရ် နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ သားမက်ဖြစ်သူ ဦးကော်ရီမူလ္လာ (ဘ) ဦးအစ္စမိုင်လ် တို့လည်း ပါဝင်သည်ဟု ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ