မင်းပြားအခြေစိုက် တပ်ရင်း ၅၄၁ အနီးတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် ရိုဟင်ဂျာတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ
အောင်ဇံဝေ Rohingya Today

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် အခြေစိုက် တပ်ရင်း ၅၄၁ အနီးတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် ရိုဟင်ဂျာတစ်ဦး၏ ရုပ်အလောင်းကို စက်တင်ဘာလ (၁၃) ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့သည်။

စက်တင်ဘာလ (၁၂) ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် မင်းပြားမြို့နယ် ဆမ္ဘလီရွာမှ ဦးမိုဟာမတ်ရှဖီ (ဘ) ဦးမိုဟာမတ်ဆယာဒ် (အသက် ၄၀ နှစ်) သည် ၎င်း၏ ကျွဲများကို တပ်ရင်း ၅၄၁ အနီးရှိ စားကျက်မြေသို့ ခေါ်ဆောင်သွားပြီး ကျောင်းနေခဲ့သည်။ ဦးမိုဟာမတ်ရှဖီသည် နေဝင်ပြီးချိန်ထိ ၎င်း၏ နေအိမ်သို့ ပြန်မရောက်လာသဖြင့် မိသားစုဝင်များနှင့် ရွာသားများက စားကျက်မြေ၏ အနီးတစ်ဝိုက်တွင် တစ်ညလုံး ရှာဖွေခဲ့သည်။ 

မိသားစုဝင်များနှင့် ရွာသားများက စားကျက်မြေ အနီးတစ်ဝိုက်တွင် တစ်ညလုံး ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ဘဲ စက်တင်ဘာလ (၁၃) ရက်နေ့ နံနက် ၇ နာရီအချိန်တွင် တပ်ရင်း ၅၄၁ အနီးမှ စားကျက်မြေတွင် ဒဏ်ရာများစွာဖြင့် သေဆုံးနေသည့် အလောင်းကို တွေ့ရှိခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

မိသားစုဝင်များက ဦးမိုဟာမတ်ရှဖီ၏ ရုပ်အလောင်းကို နေအိမ်သို့ သယ်ဆောင်လာပြီး၊ မြေမြှုပ်သဂြိုဟ်ခဲ့သည်။ 

ဦးမိုဟာမတ်ရှဖီကို တပ်ရင်း ၅၄၁ မှ စစ်သားများက သတ်ဖြတ်လိုက်သည်ဟု ယူဆရသောကြောင့် ဆမ္ဘလီရွာမှ ရွာသားများ သွားလာလှုပ်ရန်ပင် ကြောက်ရွံနေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ