မြန်မာစစ်တပ်မှ ပေါ်တာဆွဲသွားသည့် ရိုဟင်ဂျာစက်လှေသမားများ ယခုထိ ပြန်မရောက်သေး
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မြန်မာစစ်တပ်က ပေါ်တာဆွဲ ခေါ်ဆောင်သွားသည့် သေကံခွဆုံကျေးရွာအုပ်စုမှ ရိုဟင်ဂျာစက်လှေသမားများ ယခုအချိန်ထိ ပြန်မရောက်သေးကြောင်း ဒေသခံများက ပြောသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်းတွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်မ (၂၂)၊ တပ်ရင်း (၅၅၁) တို့မှ စစ်သားများသည် စက်တင်ဘာလ (၁၁) ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် သေကံခွဆုံကျေးရွာအုပ်စုမှ ရိုဟင်ဂျာများပိုင် စက်တပ်လှေ (၄) စီးကို ပေါ်တာဆွဲ ခေါ်ဆောင်သွားခဲ့သည်။ 

ပေါ်တာဆွဲခံရသည့် စက်လှေများနှင့် မြန်မာစစ်တပ်မှ စစ်သားများသည် ရသေ့တောင်မြို့နယ် မြောက်ပိုင်းသို့ သွားနေစဉ် ဝက်မကျကျေးရွာအနီးသို့ ရောက်သောအခါ AA တပ်ဖွဲ့ဝင်များက ဒီရေတောထဲမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်သားများက ဒီရေတောထဲသို့ ဝင်၍ ပြန်လည် ပစ်ခတ်ခဲ့သဖြင့် တစ်နာရီခန့်ကြာ နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့သည်။ နှစ်ဖက်စလုံးမှ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ အကျအဆုံးလည်း ရှိသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။

မြန်မာစစ်တပ်မှ စစ်သားများသည် တိုက်ပွဲဖြစ်ပွားသည့်နေရာတွင် ညနေ ၄ နာရီခန့် အထိ နေခဲ့ပြီး၊ ထိုမှတဆင့် ရသေ့တောင်မြို့နယ် ဆင်ခုန်းတိုင်ကျေးရွာသို့ သွားရောက်ပြီးနောက် သမီးလှကျေးရွာသို့ သွားရောက်ခဲ့သည်။ 

ပေါ်တာဆွဲခံရသည့် စက်လှေများတွင် စက်လှေမောင်းနှင်သူ တစ်ဦးစီနှင့် လူ (၄) ဦးစီ လိုက်ပါသွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားစဉ် စက်လှေမောင်းနှင်သူ (၄) ဦးတို့သည် စစ်သားများ၏ အနားတွင် ရှိနေခဲ့သည်။ သို့ဖြစ်၍ စက်လှေသမားများ မိုးချုပ်နေဝင်ပြီးသည့် အချိန်တွင် နေအိမ်များသို့ ပြန်ရောက်မလာသဖြင့် မိသားစုဝင်များ စိုးရိမ်သောကြောင့် စုံစမ်းကြရာ သမီးလှကျေးရွာတွင် စစ်သားများနှင့်အတူ ရှိနေကြောင်း သတင်းရရှိခဲ့ကြသည်။ 

စက်တင်ဘာလ (၁၂) ရက်နေ့တွင် စစ်သားများသည် သမီးလှကျေးရွာမှ အခြားတစ်နေရာသို့ အဆိုပါ စက်လှေများဖြင့် ကူးသွားသည်ဟု ထပ်မံ သတင်းရရှိခဲ့သည်။ သို့သော်လည်း နောက်တစ်ရက် နေဝင်ချိန်ထိ စက်လှေသမားများ ပြန်လည် ရောက်ရှိမလာသဖြင့် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်။ စက်လှေသမားများမှာ သေကံခွဆုံကျေးရွာမှ (၃) ဦးနှင့် ဝက်မကျကျေးရွာမှ တစ်ဦး ဖြစ်သည်။ 

စစ်သားများက စက်လှေသမားများကို ပြန်လွှတ်လိုက်လျှင်လည်း အပြန်လမ်းတွင် AA တပ်ဖွဲ့ဝင်များက မြန်မာစစ်တပ်မှ စစ်သားများကို လိုက်ပို့ပေးသည့်အတွက်ဟုဆိုကာ ရန်ရှာမည်ကိုလည်း စိုးရိမ်ရသည်ဟု ဒေသခံများက ဆိုကြသည်။

မြန်မာစစ်တပ်နှင့် AA တို့၏ တိုက်ပွဲများကြား၊ လှုပ်ရှားမှုများကြားတွင် ရိုဟင်ဂျာများ ထိခိုက်ဒဏ်ရာ၊ သေဆုံးခြင်းများ ရှိနေသည့်အပြင် နှစ်ဖက်စလုံးကို ကြောက်ရွံနေရသည်။ 

“AA တပ်ဖွဲ့ဝင်တွေက စစ်သားတွေကို ရွာထဲ အဝင်မခံနဲ့၊ စစ်သားတွေနဲ့ စကားမပြောနဲ့၊ စစ်သားတွေကို အကူအညီ မပေးနဲ့ ဆိုပြီး ပြောတယ်။ စစ်သားတွေက ရွာထဲကို ဝင်လာပြီး ငါတို့ကို လိုက်ပို့ကြ၊ ထမင်းကျွေးကြ လို့ အမိန့်ပေးရင် ရိုဟင်ဂျာတွေက မလိုက်နာလို့ မရဘူး။ သူတို့ အမိန့် မနာခံဘူးဆိုရင် ဖမ်းတယ်၊ ရိုက်တယ်၊ ဒဏ်ခတ် ခံနေရတယ်။ အဲဒီတော့ သူတို့ အမိန့်ပေးသလို နာခံရတယ်။ တစ်ခါ တစ်ဖက်မှာ စစ်တပ်ရဲ့ အမိန့်ကို နာခံရင် AA က စစ်တပ်ကို သတင်းပို့တယ်၊ အကူအညီပေးတယ်ဆိုပြီး ပြစ်တင်တယ်၊ ခြိမ်းခြောက်တယ်။ ကျွန်တော်တို့ကို နှစ်ဖက်စလုံးက ဖိနှိပ်နေသလိုဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

၂၀၁၉ ခုနှစ် မေလ (၆) ရက်နေ့တွင် ရသေ့တောင်မြို့နယ် ဆင်ခုန်းတိုင်ကျေးရွာ အုပ်ချုပ်ရေးတာဝန်ခံ ဦးအာဘူတာဟဲရ်နှင့် ၎င်း၏ ယောက်ဖတော်စပ်သူ ဦးရှော်ဘိရ်အာမတ်တို့ကို စစ်တပ်ကို သတင်းပေးနေသည်ဟု AA က စွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး၊ ယခုအချိန်ထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးပေ။ ၎င်းတို့အား သတ်ဖြတ်လိုက်ပြီဟု ဒေသခံရခိုင်များက ပြောဆိုသော်လည်း ယခုအချိန်ထိ အတည်ပြု၍ မရသေးကြောင်း ဆင်ခုန်းတိုင်ရွာသားများက ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ