စစ်တွေ လုံခြုံရေးတပ်ရင်း (၅၅) လက်အောက်ခံ ကင်းစခန်းမှ ဗိုလ်ကြီးက အနောက်စံပြ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာတစ်ဦးကို လူမဆန်စွာ ရိုက်နှက်မှုကြောင့် သေလုမြောပါး ဖြစ်နေ
အောင်ဇံဝေ Rohingya Today

စစ်တွေ ။ ။ ရခိုင်ပြည်နယ် စစ်တွေမြို့မှ စစ်လုံခြုံရေးတပ်ရင်း (၅၅) လက်အောက်ခံ ကင်းစခန်း တာဝန်ခံ ဗိုလ်ကြီးက အနောက်စံပြ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ဒုက္ခသည် တစ်ဦးကို ငွေညှစ်ယူနိုင်ရန် ပြင်းထန်စွာ ရိုက်နှက်ခဲ့သောကြောင့် သေလုမြောပါး ဖြစ်သွားခဲ့သည်။ 

စစ်တွေမြို့ အနောက်စံပြကျေးရွာအုပ်စုရှိ ဒုက္ခသည်စခန်း အဆောင် (၄၀)၊ အခန်း (၁) တွင် နေထိုင်သည့် နဇီရ်အဟ်မဒ် (ဘ) ဦးဆုလ်တာန်အဟ်မဒ် (အသက် ၂၇-နှစ်) သည် အောက်တိုဘာလ (၂၇) ရက်နေ့ ည ၈ နာရီခန့်အချိန်တွင် နာမကျန်းဖြစ်နေသည့် ၎င်း၏ဇနီး ဟဆီနာ ကို ဆေးခန်းသို့ ခေါ်ဆောင်သွားနေစဉ် စစ်သားအချို့က ၎င်းတို့၏ လက်ကိုင်တုတ်များ ဖြစ်ကြသည့် နူရုလ်အစ္စလာမ်၊ နူရုလ်အာလောမ်၊ လေးဒူးယား တို့ ညီအစ်ကို (၃) ဦး၊ ရာဂျူး (ဘ) ဦးအဒူရှကူရ်၊ မိုဟမ္မဒ်ခါန်း (ဘ) ဦးအာနိုမျာနှင့် သားဖြစ်သူ မိုဟမ္မဒ်နူးရ် တို့နှင့် ပူးပေါင်း၍ ဖမ်းဆီး ရိုက်နှက်ခဲ့သည်။ 

ထို့နောက် အနောက်စံပြကျေးရွာအုပ်စုရှိ ဝန်ကြီးများအိမ်ရာကို ကာရံထားသည့် အုတ်တံတိုင်းရှိ အပေါက်ဝမှ ဆွဲသွင်း၍ လုံခြုံရေးစစ်တပ်ရင်း (၅၅) လက်အောက်ခံ ကင်းစခန်းတာဝန်ခံ ဗိုလ်ကြီးကိုကိုလေး ထံသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ဗိုလ်ကြီး ကိုကိုလေးက နဇီရ်အဟ်မဒ် အား ''မင်းက ဒုက္ခသည်စခန်းမှာ ငွေအများကြီး ရှိတဲ့လူဆိုတာ ငါသိတယ်၊ ငါ့ကို ငွေ ၅၀၀၀၀၀ (ငါးသိန်း) ပေး၊ မပေးရင် ငါမင်းကို သေတဲ့အထိ ရိုက်မယ်'' ဟု ပြောဆိုပြီး လူမဆန်စွာ ရိုက်နှက်နေစဉ် ဇနီးဖြစ်သူက ရွာသားများထံ သွားရောက်၍ အလှူခံပြီး ငွေကျပ် တစ်သိန်း ယူလာသောကြောင့် အောက်တိုဘာလ (၂၈) ရက်နေ့ နံနက် ၁၀ နာရီခန့် အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

လူမဆန်စွာ ရိုက်နှက်ခံရမှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့် နဇီရ်အဟ်မဒ် ကို မိသားစုဝင်များက ဆေးကုသရန်အတွက် ဆေးခန်းသို့ ခေါ်ဆောင်သွားနေစဉ် ဗိုလ်ကြီးကိုကိုလေး က အပြင်က ဆေးခန်းတွင် ဆေးမကုရန် ဟန့်တားပြီး ဘုမေ ကြားလမ်းရှိ ဆေးခန်းသို့ ခေါ်ဆောင်သွားကာ ထိုမှတဆင့် နေအိမ်သို့ ပို့ခဲ့သည်။ 

ဗိုလ်ကြီးကိုကိုလေး သည် ညနေပိုင်းတွင် နဇီရ်အဟ်မဒ် ၏ နေအိမ်သို့ ပြန်လည် ရောက်ရှိလာပြီး “လောလောဆယ် Biogesic တစ်လုံးတိုက်ပေးလိုက်၊ အရိုးဆရာဝန်၊ ဒါမှမဟုတ် သမားတော် တစ်ယောက်ယောက် ငါကိုယ်တိုင် ခေါ်လာပြီး သူ့ကို ဆေးကုပေးမယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ မပြောနဲ့” ဟု မိသားစုဝင်များကို ပြောဆို၍ ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

အောက်တိုဘာလ (၂၉) ရက်နေ့ နံနက်ပိုင်းတွင် နဇီရ်အဟ်မဒ် သည် စကားမပြောနိုင်လောက်အောင် အထိ အသည်းအသန် ဖြစ်နေသောကြောင့် ဆေးခန်းပြရန် သွားနေစဉ် ဒုက္ခသည်စခန်းရှိ IRC အဖွဲ့မှ ဆေးဝန်ထမ်းများက မြင်တွေ့ပြီး မေးမြန်းရာ အကြောင်းစုံ ရှင်းပြသောကြောင့် IRC ဝန်ထမ်းများက သက္ကေပြင်ကျေးရွာရှိ မလေးရှားနိုင်ငံမှ လှူဒါန်းထားသည့် Mercy Malaysia ကျန်းမာရေးဌာနခွဲသို့ စေလွှတ်ခဲ့ပြီး ထိုမှတဆင့် စစ်တွေမြို့ ပြည်သူ့ဆေးရုံသို့ နေ့လည် ၁၂ နာရီခန့် အချိန်တွင် စေလွှတ်ခဲ့ကြောင်း သက္ကေပြင်ရွာသားတစ်ဦးက ပြောပါသည်။ 

ဆေးရုံတွင် ရဲစခန်းမှ ညွန်ကြားချက်မရှိ၍ ဆေးကုသပေးခြင်း မရှိသောကြောင့် အခြေအနေ ပိုမိုဆိုးရွားလာသည်ကို ဇနီးသည်က မြင်တွေ့၍ ဆွေမျိုးတစ်ဦးနှင့်အတူ အောက်တိုဘာလ (၃၀) ရက်နေ့ နေ့လည် ၁၂ နာရီခန့် အချိန်တွင် အမှတ် (၁) ရဲစခန်းသို့ သွားရောက်၍ စခန်းမှူးကို အကျိုးအကြောင်း ပြောပြခဲ့သည်။ စခန်းမှူးက ပြဿနာဖြစ်ဖြစ်ချင်း လာရောက်၍ အကြောင်းမကြားရခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ မဟာဆီနာက “ကျမတို့က မြို့ပေါ်ကို လာလို့မရဘူး၊ ဗိုလ်ကြီးက အပြင်ဆေးခန်းမှ ဆေးမကုဖို့ တားထားတယ်၊ အခု ကျမယောကျ်ားကို ဆေးရုံပို့တာတောင် IRC အဖွဲ့နဲ့ Mercy Malaysia ဆေးခန်းတွေက အဆင့်အဆင့် လွှဲပြောင်းပေးလို့ တက်ခွင့်ရတာပါ” ဟု ရှင်းပြခဲ့သည်။ 

ထို့နောက်စခန်းမှူးက ဗိုလ်ကြီး ကိုကိုလေးကို ခေါ်၍ ၎င်းတို့ နှစ်ဦးကြား အချင်းချင်းဆွေးနွေးကာ ဗိုလ်ကြီးက မဟဆီနာနှင့် အတူ ဆေးရုံသို့ လိုက်သွား၍ ဆရာဝန်များကို အကျိုးအကြောင်းရှင်းပြခဲ့သည်။ 

ရိုက်နှက်ခံရသူ နဇီရ်အဟ်မဒ် ကို ဓါတ်မှန် ၄ ကြိမ်ရိုက်ပြီး ဓါတ်မှန် ရလာဒ် ထွက်လာမှ ဆေးကု၍ ရနိုင်မည်ဟု ဆေးရုံမှ ဆရာဝန်များက ပြောကြောင်း မိသားစုဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

စစ်တွေပြည်သူ့ဆေးရုံတွင် ရိုဟင်ဂျာလူနာများ အနေဖြင့် လွတ်လပ်စွာ တက်ရောက် ဆေးကုသမှုခံယူနိုင်ခြင်းမရှိသည့်ကြားက အလွန်အသည်းအသန်ဖြစ်သည့် လူနာများကို IRC အဖွ့ဲ၊ Mercy Malaysia ဆေးခန်းကဲ့သို့သော အဖွ့ဲများမှ လွှဲပြောင်းပေးလျှင်သာ ဆေးကုသခွင့်ရကြသည်။ ရိုဟင်ဂျာလူနာနှင့် လူနာစောင့်များကို ဆေးရုံတွင် တာဝန်ကျသည့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးပြီး လက်ကိုင်ဖုန်းများကိုပင် ဆေးရုံထဲသို့ ယူဆောင်ခွင့် မပေးသောကြောင့် အရေးတကြီး ဆက်သွယ်လိုလျှင် တာဝန်ကျရဲများကို အကူအညီတောင်း၍ ဆက်သွယ်ရသည်။ နဇီရ်အဟ်မဒ် ထံတွင် လက်ကိုင်ဖုန်း မရှိသောကြောင့် ယနေ့ နောက်ဆုံး ထူးခြားမှုကို မသိရှိရသေးကြောင့် ၎င်း၏ မိသားစုဝင်က ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ