ဘူးသီးတောင်မြို့နယ်တွင် ယာဉ်ရပ်နားခွန် လေလံရရှိသူက ရိုဟင်ဂျာများထံမှ ယာဉ်ရပ်နားခွန် အဆမတန် ကောက်ခံနေ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ ယာဉ်ထိန်းရဲ ဦးသန်းရွှေ၏ ညီဖြစ်သူ အမှတ် (၃) ရပ်ကွက်မှ မောင်ခင်သိန်းသည် ဆိုင်ကယ်နှင့် CNG များ မောင်းနှင်သည့် ရိုဟင်ဂျာလူမျိုးများထံမှ ယာဉ်ရပ်နားခွန်ကို ဓါးပြသဖွယ် ကောက်ခံလျက်ရှိသည်။ 

ဘူးသီးတောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ယခုနှစ် စက်တင်ဘာလ လဆန်းပိုင်းတွင် မြို့ပေါ် ယာဉ်ရပ်နားခွန် ကိုယ်စားလှယ် လေလံတင်ရောင်းချရာ ယာဉ်ထိန်းရဲ ဦးသန်းရွှေ၏ ညီဖြစ်သူ အမှတ် (၃) ရပ်ကွက်မှ မောင်ခင်သိန်းက ဝယ်ယူနိုင်ခဲ့သည်။ 

လေလံရရှိသည့်နေ့မှစ၍ ဘူးသီးတောင်မြို့ပေါ် နတ်ပင်ရင်းခွဆုံ၊ အောက်ဈေးနား၊ မီးရထားဆိပ်မြို့ အဝင်ပေါက်အနီး စသည့်နေရာ (၃) ခုတွင် မောင်ခင်သိန်း၏ တပည့်များကို စောင့်ဆိုင်းစေပြီး နေ့စဉ်နေ့တိုင်း ရပ်နားခွန်ဟု ဆိုကာ ငွေကောက်ခံလျက်ရှိသည်။ ဆိုင်ကယ်တစ်စီးလျှင် ၂၀၀ မှ၃၀၀ ကျပ်၊ CNG တစ်စီးလျှင် ၃၀၀ မှ ၅၀၀ ကျပ် စသည်ဖြင့် ကောက်ခံလျက်ရှိသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

မောင်ခင်သိန်း ကိုယ်တိုင် ဘူးသီးတောင်မြို့ကို ကားဖြင့် ပတ်၍ တွေ့သမျှ ရိုဟင်ဂျာများ မောင်းနှင်သည့် ဆိုင်ကယ်များနှင့် CNG များကို တွေ့သည့်နေရာတွင်ပင် ရပ်နားခိုင်းပြီး ရပ်နားခွန် ဆောင်/မဆောင် စစ်ဆေး၍ ငွေကောက်ခံလျက်ရှိသည်။ ငွေကောက်ခံပြီးနောက် ရပ်နားခွန်ဆောင်ထားသည့် ဖြတ်ပိုင်းတစ်ခု ပေးပြီး၊ ယင်းဖြတ်ပိုင်းကို တစ်ဦးဦးက စစ်ဆေးလျှင် ပြရသည်ဟု ဒေသခံများက ဆိုကြသည်။ 

အချို့ဆိုင်ကယ်များနှင့် CNG များကို တစ်လအတွက်ဟု ဆိုကာ ငွေကျပ် တစ်သောင်းစီ ကောက်ခံပြီး ဖြတ်ထုတ်ပေးသည်။ ယင်းဖြတ်ပိုင်းဖြင့် တစ်လလုံး မောင်းနှင်နိုင်မည်ဟု သိရသည်။ 

အလားတူ မောင်ခင်သိန်း၏ အုပ်စုမှ မဟုတ်သူ ကညန ဝန်ထမ်းတစ်ဦးက ဘူးသီးတောင်မြို့နယ် တောင်ပိုင်းသို့ သွားသော လမ်းဝတွင် စောင့်၍ မြို့အဝင်အထွက် လုပ်နေသည့် ဆိုင်ကယ်များမှ တစ်စီးလျှင် ၃၀၀ ကျပ်၊ CNG တစ်စီးလျှင် ၅၀၀ ကျပ် အတင်းအဓမ္မ ကောက်ခံလျက်ရှိသည်။ 

မြို့ထဲတွင် မောင်ခင်သိန်းနှင့် အဖွဲ့ကို ငွေပေးပြီး တောင်ပိုင်းသို့ အသွားအလာလုပ်သော ဆိုင်ကယ်၊ CNG များက ကညန ကို ထပ်မံ၍ ငွေပေးနေရသည်။ မောင်ခင်သိန်းတို့ အဖွဲ့ကို ပေးထားသည့် ဖြတ်ပိုင်းပြလျှင် ကညန ဝန်ထမ်းက “ငါနဲ့ မဆိုင်ဘူး၊ ငါ့ဟာ ငါ့ကို ပေးရမယ်” ဟု ဆိုကာ အတင်းအဓမ္မ ကောက်ခံလျက်ရှိသည်။ အချို့က ငွေနှစ်ခါ မပေးချင်၍ အပြန်အလှန် မေးမြန်းခြင်းများ ပြုလုပ်လျှင် ကညန ဝန်ထမ်း က ညစ်ညမ်းစွာ ဆဲဆိုခြင်း၊ ထိုးကြိတ်ခြင်း၊ ကိုယ်ထိလက်ရောက် စော်ကားခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများက ပြောပါသည်။ 

ယာဉ်ရပ်နားခွန် ကောက်ခံရာတွင် ရိုဟင်ဂျာများထံမှသာ ကောက်ခံပြီး ဗုဒ္ဓဘာသာဝင်များထံမှ ကောက်ခံခြင်း မရှိပေ။ CNG မောင်းနှင်သည့် ရိုဟင်ဂျာများသည် ရပ်နားခွန်ပေးနေရသည့်အပြင် ယာဉ်ထိန်းရဲများကိုလည်း လစဉ် ငွေကျပ် တစ်သောင်းစီ ပေးနေရသည်။ ထိုသို့ ပေးမှသာ မြို့ပေါ်တွင် မောင်းနှင်နိုင်သည်။ ယာဉ်လိုင်စင်ခ၊ ယာဉ်မောင်းလိုင်စင်ခ နှင့် ဘီးခွန်စသည်တို့ကိုလည်း ပေးဆောင်ရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ