မောင်တော သီဟိုဠ်ကျွန်းကျေးရွာအုပ်စုကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ပူးပေါင်း၍ စစ်ဆေး
အေးဇော် Rohingya Today
သီဟိုဠ်ကျွန်းရွာကို ၂၀၁၇ သြဂုတ်လ (၂၆) ရက်နေ့က စစ်သားများနှင့် နယ်ခြားစောင့်ရဲများက မီးရှို့ခဲ့စဉ်က ရိုက်ကူးထားသည့်ပုံ

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သီဟိုဠ်ကျွန်းကျေးရွာအုပ်စုကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ပူးပေါင်း၍ စက်တင်ဘာလ (၉) ရက်နေ့ နေ့လည်ပိုင်းတွင် စစ်ဆေးခဲ့သည်။

စက်တင်ဘာလ (၉) ရက်နေ့ နေ့လည်ပိုင်းတွင် အင်အား ၅၀ ခန့်ရှိသည့် စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် မောင်တောမြို့နယ် သီဟိုဠ်ကျွန်းကျေးရွာအုပ်စု သီဟိုဠ်ကျွန်းရွာ (ခွေလာဘင်္ဂါ) သို့ရောက်ရှိလာပြီး၊ စစ်သားများက ရွာကို အပြင်ဘက်ဝန်းရံထားခဲ့သည်။ နယ်ခြားစောင့်ရဲများက နေအိမ်များမှ အိမ်သူအိမ်သားများကို အိမ်ရှေ့ကြမ်းပြင်သို့ ထွက်ခိုင်းပြီး အိမ်ထောင်စု လူဦးရေစာရင်းနှင့် အညီ ရှိ/မရှိ စစ်ဆေးခဲ့သည်။ နယ်ခြားစောင့်ရဲအချို့က အိမ်ထဲသို့ ဝင်ရောက် စစ်ဆေးခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

မော်လဝီနုရ်ဟာကီးမ်နှင့် ဦးမာမတ်ဟူဆောင်း တို့၏ နေအိမ်များကို ဝင်ရောက် စစ်ဆေးစဉ် ၎င်းတို့နှစ်ဦးကို မတွေ့ရှိသဖြင့် မိသားစုဓါတ်ပုံများမှ ၎င်းတို့ နှစ်ဦး၏ ပုံများကို သီးခြားစီခွဲ၍ ဓါတ်ပုံရိုက်ယူခဲ့သည်။ ထို့နောက် ၎င်းတို့နှစ်ဦး ရွာသို့ ရောက်လာလျှင် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့ထံ သတင်းပေးပို့ရန် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို မှာကြားခဲ့သည်။ နယ်ခြားစောင့်ရဲများက ၎င်းတို့နှစ်ဦးကို ARSA အဖွဲ့ဝင်များဟု စွပ်စွဲကြောင်း ဒေသခံများက ဆိုကြသည်။ 

သီဟိုဠ်ကျွန်း (ခွေလာဘင်္ဂါ) ကျေးရွာကို ၂၀၁၇ သြဂုတ်လ နောက်ပိုင်းတွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများက မီးရှို့ခဲ့သဖြင့် တစ်ရွာလုံးနီးပါး မီးလောင်ပြာကျခဲ့သည်။ စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ရွာသားအချို့ကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ရွာသားများကို သတ်ဖြတ်မှု၊ ရွာကို မီးရှို့ခြင်းကြောင့် ရွာသားအများစုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး၍ ဒုက္ခသည်စခန်းများ၌ ခိုလှုံနေကြသည်။ သီဟိုဠ်ကျွန်းကျေးရွာအုပ်စု ဟာဘီရွာနှင့် အခြားရွာအချို့တွင် ခိုလှုံနေသူများလည်း ရှိသည်။ 

သီဟိုဠ်ကျွန်းရွာ၏ အနောက်ပိုင်း၌ အိမ်ခြေအနည်းငယ် ကျန်ရစ်ခဲ့ပြီး၊ ယင်းအိမ်များတွင် မိသားစု ၂၀ ကျော်ခန့် နေထိုင်နေကြသည်။ ယင်းအိမ်ခြေ ၂၀ ကျော်ကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ 

စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် သီဟိုဠ်ကျွန်းကျေးရွာကို စစ်ဆေးပြီးနောက် ဟာဘီရွာသို့ သွားရောက်၍ အရှေ့ရွာနှင့် အလယ်ရွာများကိုလည်း သီဟိုဠ်ကျွန်းကျေးရွာ ကဲ့သို့ပင် တစ်အိမ်တက်ဆင်း ဝင်ရောက် စစ်ဆေးခဲ့သည်။ အဖမ်းဆီးတစ်စုံတစ်ရာမရှိခဲ့ကြောင်း၊ နေဝင်ချိန်တွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ထွက်ခွာသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ