ဘူးသီးတောင် ဂူတာပြင်ကျေးရွာရှိ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် ကျင်းများနှင့် ပတ်သက်ပြီး စစ်ဆေးရေးအဖွဲ့မှဆိုသူနှစ်ဦး ရွာထဲသို့ ဝင်ရာက်၍ စုံစမ်းစစ်ဆေး
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ၂၀၁၇ သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဂူတာပြင်ကျေးရွာကို ဝန်းရံရှင်းလင်းပြီးနောက် ရိုဟင်ဂျာအမြောက်အမြားကို သတ်ဖြတ်ခဲ့သည့်အပြင် ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ လူသေအလောင်းများကို မီးလောင်ပြင်၌ စု၍ အက်ဆစ်လောင်းထည့် ဖျက်ဆီးပြီး အစုလိုက် အပြုံလိုက် မြှုပ်နှံခဲ့သည်။ ထို့နောက် အနီးအနားရှိ ကျေးရွာများကိုလည်း ရှင်းလင်းပြီး လူအချို့ကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သည်။ ထိုအလောင်းများကိုလည်း ဂူတာပြင် မီးလောင်ပြင်တွင်ပင် မြှုပ်နှံခဲ့သည်။ အလောင်းအားလုံးကို ကျင်း (၃) ခုတွင် မြှုပ်နှံခဲ့သည်။

အစုလိုက်အပြုံလိုက် မြှပ်နှံထားသည့် ကျင်းများကို နိုင်ငံတကာ မီဒီယာများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများက ဖော်ပြခဲ့သော်လည်း မြန်မာအစိုးရနှင့် စစ်တပ်တို့က ငြင်းဆန်ခဲ့သည်။ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်က အဆိုပါ ကျင်းများအကြောင်းကို အစီရင်ခံစာ၌ ဖော်ပြပြီး အရေးယူရန် ပြင်ဆင်နေချိန်တွင် မြန်မာစစ်တပ်နှင့် အစိုးရတို့က ပွင့်လင်းရိုးသားမှုပြချင်၍ ထိုကျင်းများကို ယခုမှ ရှာတွေ့ဟန်ဖြင့် ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်၌ လူအစုလိုက်အပြုံလိုက် မြှုပ်နှံထားသောကျင်းများ ရှိကြောင်း ဝန်ခံလာသည်။ ကျူးလွန်သူများကို စစ်ဥပဒေ လုပ်ထုံးလုပ်နည်းများဖြင့် အရေးယူသွားမည်ဟု ကြေညာခဲ့သည်။ 

စက်တင်ဘာလ (၆) ရက်နေ့ နံနက် ၁၁ နာရီကျော်တွင် ဂူတာပြင်ကျေးရွာသို့ အရပ်ဝတ်ဖြင့် လူစိမ်းနှစ်ဦး ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံပြီး ၎င်းတို့သည် စစ်ဆေးရေးအဖွဲ့ ဖြစ်ကြောင်း ပြောဆိုပြီးနောက် ၂၀၁၇ သြဂုတ်လ နောက်ပိုင်း ဂူတာပြင်၌ စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသူများ၏ မိသားစုများနှင့် တွေ့ဆုံပေးရန် ပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးက သေဆုံးသူများ၏ မိသားစုများ၊ ၂၀၁၇ သြဂုတ်လတွင် ကျေးရွာအုပ်ချုပ်ခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနှင့် အဖွဲ့တို့ကို ခေါ်ယူပြီး တွေ့ဆုံစေခဲ့သည်။ 

စစ်ဆေးရေးအဖွဲ့မှ ဆိုသူများက “လူတွေ ဘယ်လိုသေဆုံးခဲ့ရတာလဲ” ဟု မေးမြန်းရာ ရွာသားများက စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ရွာထဲသို့ ဝင်ရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်နေသဖြင့် ရွာသားများက ကြောက်လန့်၍ ထွက်ပြေးနေစဉ် ထွက်ပြေးနေသော လူအုပ်ထဲသို့ စစ်သားများနှင့် နယ်ခြားစောင့်ရဲများက သေနတ်ဖြင့် ပစ်ခတ်သဖြင့် လူအမြောက်အမြား သေဆုံးခဲ့ကြောင်း၊ ထိုအချိန်တွင် အချို့ကလေးများ ကျောင်းတက်နေပြီး၊ ရွာသားအချို့သည် ၎င်းတို့၏ လယ်ယာမြေ၌ အလုပ်လုပ်နေခဲ့ကြောင်း၊ အချို့ကလေးများသည် စားကျက်တွင် နွားကျောင်းနေခဲ့ကြောင်း၊ ထိုသူများကို ယင်းနေရာများတွင်ပင် စစ်သားများက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း၊ အချို့ကို ရိုက်နှက်သတ်ဖြတ်ခဲ့ကြောင်း ရှင်းပြခဲ့သည်။ ထို့နောက် စစ်သားများက ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အလောင်းများကို ဂူတာပြင် မီးလောင်ပြင်သို့ သယ်ယူလာပြီး အစုလိုက်အပြုံလိုက် မြှပ်နှံခဲ့ကြောင်း၊ အလောင်းအချို့ကို ချောင်းများ၊ တောင်ထဲ၌ ပစ်ချထားခဲ့ကြောင်း ရှင်းပြခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

စစ်ဆေးရေးအဖွဲ့မှ ဆိုသူနှစ်ဦးက ရွာသားများက ARSA နှင့် ပူးပေါင်း၍ စစ်တပ်ကို တိုက်ခိုက်ခဲ့သောကြောင့် ပစ်သတ်ခဲ့တာ ဖြစ်နိုင်သည်ဟု ပြောကြားရာ ရွာသားများက ကျွန်တော်တို့ရဲ့ ဒေသမှာ ARSA ဆိုတာကို မမြင်ခဲ့ကြောင်း ရှိလည်း မရှိခဲ့ကြောင်း ရှင်းပြခဲ့သည်။ 

မေးမြန်းပြီးနောက် ဖြေကြားသူများထဲမှာ နှစ်ဦးကို ငွေကျပ် နှစ်သောင်းစီ၊ တစ်ဦးကို ငွေကျပ် ငါးသောင်း၊ ခြောက်ဦးကို ငွေကျပ် တစ်သောင်းခွဲစီ ထုတ်ပေးပြီး ကျူးလွန်သူများကို အရေးယူပေးမည်၊ အေးအေးချမ်းချမ်း နေကြပါဟု ပြောဆိုခဲ့သည်။ 

ထို့နောက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် အတူ လူအစုလိုက်အပြုံလိုက် မြှပ်နှံထားသည့် ကျင်းများကို သွားရောက် ကြည့်ရှုခဲ့သည်။ ကျင်း (၃) ကျင်းအနက် တစ်ကျင်းပေါ်တွင် အိမ်ဆောက်လုပ်ထားသည်။ ယင်းအိမ်သည် အစိုးရမှ မီးလောင်ခံရသော အိမ်များကို ပြန်ဆောက်ပေးသည့် စနစ်ဖြင့် ဆောက်လုပ်ထားသည့် အိမ်ဖြစ်သည်။ သို့သော် ယင်းအိမ်တွင် လူနေခြင်း မရှိသေးပေ။ ဆောက်လုပ်ထားသည့် အိမ်ပုံစံမှာ အလျား ၁၈ ပေ၊ အနံ ၁၄ ပေ၊ ဝါးထရံ၊ သွပ်မိုး၊ မြေအခင်း၊ သစ်သားတိုင် (လုံးပတ် ၈ လက်မ ရှိသောတိုင်) များဖြင့် ဆောက်လုပ်ထားသည်။ 

အရပ်ဝတ်ဖြင့် လာရောက် မေးမြန်းသည့် လူစိမ်းနှစ်ဦးနှင့်အတူ လုံခြုံရေးတစ်စုံတစ်ရာ မပါသော်လည်း ၎င်းတို့၏ အမူအရာကြည့်ခြင်းဖြင့် စစ်သားများ ဖြစ်နိုင်သည်ဟု ဂူတာပြင် ရွာသားတစ်ဦးက ဆိုသည်။ ၎င်းတို့နှစ်ဦးသည် မည်သူမည်ဝါများ ဖြစ်ကြောင်း မိတ်ဆက်ခြင်း မရှိခဲ့ဟု ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ