ဘူးသီးတောင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့မှ တပ်ကြပ်အောင်ဇေယျက ရိုဟင်ဂျာများကို လုပ်ကြံ ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ကြပ်အောင်ဇေယျသည် အမှတ် (၂) ရပ်ကွက်မှ ငရှည်ထောက်ကျေးရွာတွင် ဆံပင်ညှပ်သည့် ဟိန္ဒူလူမျိုးတစ်ဦးဖြစ်သူ ရောင်ဂျိတ် ကို အသုံးချ၍ ဘူးသီးတောင် နယ်ပိုင်းမှ မြို့ပေါ်သို့ လာရောက်သူများကို လုပ်ကြံဖမ်းဆီးပြီး ငွေညှစ်လျက်ရှိသည်။

စက်တင်ဘာလ (၇) ရက်နေ့ နေ့လည် ၁၂ နာရီခန့် အချိန်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ကြပ်အောင်ဇေယျနှင့် ရောင်ဂျိတ်တို့သည် WY စာတမ်းပါ စိတ်ကြွဆေးပြား (၆) ပြား အသင့်ယူဆောင်ထားပြီး၊ အမှတ် (၁) ရပ်ကွက် ခွဆုံတွင် စောင့်ဆိုင်း၍ လုပ်ကြံရန် လူရှာနေခဲ့သည်။ ထိုစဉ် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ငရှည်ထောက်ကျေးရွာမှ ရာအိမ်မှူး ဦးအဒူလ်ခါးန် (ဘ) ဦးအဒူဇော်ဘော်ရ် (အသက် ၃၀ နှစ်) သည် CNG မောင်း၍ ခွဆုံသို့ ရောက်လာသောအခါ ရောင်ဂျိတ်ဆိုသူက ဂန္ဓမာကျေးရွာသို့ သွားမည်ဟု ဆိုကာ CNG ပေါ်သို့ တက်၍ ၎င်းနှင့်အတူ အသင့်ပါလာသည့် WY စိတ်ကြွဆေးပြားများကို CNG ၏ နောက်ခန်းတွင် ထားလိုက်သည်။ တပ်ကြပ်အောင်ဇေယျသည် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီး၍ CNG နောက်မှ လိုက်လာပြီး ဂန္ဓမာရွာသို့ ရောက်သည်နှင့် ၎င်းက CNG ရှေ့မှ ရပ်ပြီး မောင်းနှင်သူ ဦးအဒူလ်ခါးန်ကို “ဘယ်ကလဲ၊ဘယ်သွားမှာလဲ၊ ငါက ရဲ၊ မင်းကို သံသယရှိလို့ စစ်ဆေးမယ်” ဟု ဆိုကာ စစ်ဆေးခဲ့သည်။ စစ်ဆေးစဉ် CNG နောက်ခန်းတွင် ရောင်ဂျိတ်ထည့်ထားခဲ့သည့် WY စိတ်ကြွဆေးပြားများ တွေ့ရှိခဲ့သည်။ 

CNG မောင်းနှင်သူက ၎င်း၏ ဆေးပြားမဟုတ်ကြောင်း၊ CNG စီးနင်းလာသည့် ဟိန္ဒူလူမျိုးတစ်ဦးက ထည့်ထားခဲ့ခြင်း ဖြစ်သည်ဟု ပြောသော်လည်း ရဲတပ်ကြပ်အောင်ဇေယျက “သူ့ဟာမဟုတ်ဘူး၊ မင်းရဲ့ဆေးပြားတွေ” ဟု ပြောဆိုပြီး ဦးအဒူလ်ခါးန်ထံမှ ငွေကျပ် ၄ သိန်း တောင်းခံခဲ့သည်။ ဦးအဒူလ်ခါးန်ကလည်း မိမိ၏ ဆေးပြား မဟုတ်သောကြောင့် လုံးဝ ငွေမပေးနိုင်ဟု ပြော၍ ငွေပေးရန် ငြင်းဆိုခဲ့သည်။ 

၎င်းတို့နှစ်ဦးစလုံး စကားများနေသည့် နေရာသည် အမှတ် (၁၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ရင်းရှေ့တွင် ဖြစ်နေသောကြောင့် နယ်ခြားစောင့်ရဲများ ထွက်လာပြီး မေးမြန်းရာ ရဲတပ်ကြပ်အောင်ဇေယျ က ဦးအဒူလ်ခါးန် ထံမှ စိတ်ကြွဆေးပြား တွေ့သည်ဟု ပြောသဖြင့် နယ်ခြားစောင့်ရဲများက ဦးအဒူလ်ခါးန်ကို CNG နှင့် တကွ တပ်ရင်း၌ ချုပ်နှောင်ထားရန် ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

ရဲတပ်ကြပ်အောင်ဇေယျက ငွေညှစ်နိုင်ရန် လုပ်ကြံခဲ့သော်လည်း နယ်ခြားစောင့်ရဲများ လက်ထဲသို့ အပ်နှံလိုက်ရသောကြောင့် ငွေမညှစ်နိုင်ခဲ့သဖြင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့မှူး ထံသို့ WY စိတ်ကြွဆေးပြားများနှင့် လူတစ်ဦးကို ဖမ်းဆီးပြီး နယ်ခြားစောင့်ရဲများထံသို့ အပ်နှံခဲ့ကြောင်း အကြောင်းကြားခဲ့သည်။ ထိုသို့ အကြောင်းကြားခြင်းမှာလည်း ပြဿနာကို အကျယ်ဖြစ်အောင် ပြုလုပ်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။ 

ရဲတပ်ကြပ်အောင်ဇေယျသည် ရောင်ဂျိတ်ဆိုသူကို အသုံးချ၍ ရိုဟင်ဂျာများထံမှ မတရားသဖြင့် ငွေညှစ်နေသည်မှာ ကာလ အလွန်ကြာနေပြီဟု ဘူးသီးတောင် မြို့ခံတစ်ဦးက ပြောသည်။ “အရင်တုန်းက အောင်ဇေယျ၊ ရောင်ဂျိတ်တို့နဲ့ အတူ ရဲတစ်ယောက်နဲ့ ၀၀တုတ်တုတ် ရခိုင်သား တစ်ယောက်လည်း ပါတယ်၊ အဒူလ်ခါးန်ကို လုပ်ကြံပြီး ငွေညှစ်လို့မရတော့ ပိုဒုက္ခရောက်အောင် တွန်းပေးလိုက်တာ၊ အောင်ဇေယျရဲ့ လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို အချိန်မီ အရေးယူပေးဖို့ ဒေသခံတွေ အားလုံးကိုယ်စား တောင်းဆိုပါတယ်” ဟု ၎င်းက ဆိုသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ