ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည် မိသားစု ၂၁ စု ပြန်လာရေး မအောင်မြင်သဖြင့် ထပ်မံ၍ ချိန်းဆိုထားဟု အာဏာပိုင်များဘက်မှ သတင်းထွက်
အေးဇော် Rohingya Today
ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး ခိုလှုံနေသည့် ရိုဟင်ဂျာများ (ဓါတ်ပုံ - Reuters)

မောင်တော ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည် မိသားစု (၂၁) စု ကို ပြန်လည် လက်ခံရန် ရက်ချိန်းပေးခဲ့သော်လည်း ၎င်းတို့ ပြန်မလာသဖြင့် ထပ်မံ၍ ချိန်းဆိုထားသည်ဟု အာဏာပိုင်များဘက်က  သတင်းများ ထွက်ပေါ်လျက်ရှိသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ ဖြစ်စဉ် နောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က အပြစ်မဲ့ ရိုဟင်ဂျာများကို သေနတ်ဖြင့် ပစ်သတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်း၊ ရွှေ၊ ငွေ ရတနာများ၊ အဖိုးတန်ပစ္စည်းများနှင့် ကျွဲ၊ နွားများကို လုယက်ခြင်း၊ ရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခြင်းကြောင့် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် မြို့နယ်များမှ ရိုဟင်ဂျာ ၇ သိန်းခွဲခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး၍ ခိုလှုံလျက်ရှိသည်။ 

မြန်မာစစ်တပ်နှင့် အစိုးရတို့၏ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများသည် လူမျိုးတုံးသတ်ဖြတ်မှု မြောက်ကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက အစီရင်ခံစာများ ထုတ်ပြန်ခဲ့သည်။ ထို့နောက် မြန်မာစစ်တပ်နှင့် အစိုးရတို့ကို နိုင်ငံတကာ ခုံရုံးများမှ အရေးယူရန် ကြိုးစားလျက်ရှိရာ မြန်မာအစိုးရက ရိုဟင်ဂျာများကို ပြန်ခေါ်လာရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း ရိုးသားမှု မရှိသောကြောင့် မအောင်မြင်ခဲ့ပေ။ 

၂၀၁၈ ခုနှစ်မှ နှစ်စပိုင်းမှစ၍ ယခုအချိန်ထိ (၃) ကြိမ်တိုင်တိုင် ကြိုးစားခဲ့သည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်နေ့တွင် ရိုဟင်ဂျာများ ပြန်လာရန် ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် သဘောတူညီမှု ရရှိခဲ့သည်ဟု ဆိုကာ ဒုက္ခသည် ၁၅၀၀ ဦးအတွက် အစားအသောက်များ ပြင်ဆင်ပြီး၊ လှဖိုးခေါင် ယာယီ ကြားစခန်း၌ နေထိုင်စဉ် စားသောက်နိုင်ရန် အစားအသောက်၊ ချက်ပြုတ်ရန် အိုးခွက်၊ အဝတ်အထည် အချို့ ပြင်ဆင်ထားပြီး၊ တောင်ပြိုနှင့် ငါးခူရတွင် ဆောက်လုပ်ထားသော လက်ခံရေး စခန်းများတွင် အသင့် စောင့်ဆိုင်းနေခဲ့သည်။ သို့သော်လည်း ဒုက္ခသည်များက ၎င်းတို့ တောင်းဆိုသည်များ မရသဖြင့် ပြန်လာခြင်း မရှိခဲ့ပေ။

ယခုနှစ် သြဂုတ်လ (၂၂) ရက်နေ့တွင်လည်း ဒုက္ခသည် မိသားစု (၂၁) စု ပြန်လည် ဝင်ရောက်လာရန် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် သဘောတူညီမှု ရရှိခဲ့သည်ဟု ဆိုကာ သြဂုတ်လ (၂၂) ရက်နေ့ နံနက်ပိုင်းတွင် မြန်မာအာဏာပိုင်များက မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုရှိ ပြန်လည် လက်ခံရေး စခန်းသို့ သွားရောက် စောင့်ဆိုင်းခဲ့သော်လည်း ဒုက္ခသည်များ ပြန်လည် ရောက်လာခြင်း မရှိသောကြောင့် ညနေပိုင်းတွင် အာဏာပိုင်အချို့ မောင်တောမြို့သို့ ပြန်သွားခဲ့ပြီး၊ အချို့က နောက်တစ်နေ့ သြဂုတ်လ (၂၃) ရက်နေ့ နံနက်ပိုင်းအထိ စောင်းဆိုင်းခဲ့ကြသည်။ မြန်မာအာဏာပိုင်များ ဘက်က အဆိုပါ မိသားစု (၂၁) စုသည် သြဂုတ်လ (၂၇) ရက်နေ့တွင် ပြန်လာရန် ချိန်းဆိုထားသည်ဟု ပြောဆိုခဲ့သော်လည်း ယင်းနေ့တွင်လည်း ပြန်လည် ရောက်ရှိလာခြင်း မရှိခဲ့ပေ။ 

ယခုတစ်ဖန် စက်တင်ဘာလ (၇) ရက်နေ့တွင် ပြန်လာမည်ဟု ချိန်းဆိုထားကြောင်း မြန်မာအာဏာပိုင်များ ဘက်မှ ပြောဆိုနေသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ