ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်တွင် မြန်မာရေတပ်မှ တပ်ဖွဲ့ဝင်များကို WY စိတ်ကြွဆေးပြားများနှင့် အတူ ဖမ်းဆီးရမိ
အေးဇော် Rohingya Today
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးပေါင်း၍ ကင်းလှည့်နေသည့် ရေယာဉ်များ (ဓါတ်ပုံ - မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန)

မောင်တော ။ ။ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားရှိ နတ်မြစ်တွင် ကင်းလှည့်နေသည့် မြန်မာရေတပ်မှ တပ်ဖွဲ့ဝင်များသည် သြဂုတ်လ (၂၆) ရက်နေ့ ညပိုင်းတွင် အမြန်ရေယာဉ်တစ်စင်း၊ အခြား စက်တပ်ရေယာဉ်တစ်စင်းဖြင့် WY စိတ်ကြွဆေးပြားများ တင်ဆောင်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ထဲတွင် စိတ်ကြွဆေးပြားများ လာယူမည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို စောင့်ဆိုင်းနေစဉ် ဘင်္ဂလားဒေ့ရှ်ရေတပ်က ဝန်းရံ ပိတ်ဆို့ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ 

သြဂုတ်လ (၂၇) ရက်နေ့တွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးက တောင်ပြိုသို့ သွားရောက်၍ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် ဆွေးနွေးခဲ့သော်လည်း ဖမ်းဆီးခံထားရသည့် မြန်မာရေတပ်မှ တပ်ဖွဲ့ဝင်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ယခုထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးကြောင်း မောင်တောမြို့ခံ တစ်ဦးက Rohingya Today သို့ပြောသည်။ 

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် WY စိတ်ကြွဆေးပြား ရောင်းဝယ် ဖောက်ကားခြင်းကို အဓိက လုပ်ငန်းလုပ်ကိုင်နေသူများမှာ မြန်မာစစ်တပ်မှ အရာရှိကြီးများ ဖြစ်ကြပြီး၊ ၎င်းတို့က အထက်မြန်မာပြည်မှ  ရခိုင်ပြည်နယ်၊ မောင်တောမြို့ထိ သယ်ဆောင်လာပြီး၊ WY ရောင်းဝယ်သူများကို ရောင်းချသည်။ မြန်မာစစ်တပ် အရာရှိကြီးများထံမှ ဝယ်ယူသည့် ဒေသခံများက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် နည်းလမ်းများ တင်ပို့ကြသည်။ ထိုသို့ တင်ပို့ရာတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့က လာဘ်ငွေယူ၍ လမ်းကြောင်းများ ဖွင့်ပေးထားသည်။ 

ထို့အပြင် မောင်တောမြို့ပေါ်နှင့် ဆင်ခြေဖုံးကျေးရွာများမှ ဘင်္ဂလားဒေ့ရှ်သို့ WY စိတ်ကြွဆေးပြား တင်ပို့သူများက ကုန်းလမ်းဖြင့် မလွယ်ကူသည့် အချိန်များတွင် နတ်မြစ်တွင် ကင်းလှည့်နေသည့် မြန်မာရေတပ်မှ တပ်ဖွဲ့ဝင်များကို ကယ်ရီအဖြစ် ငှားရမ်း၍ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အထိ ပို့ခိုင်းသည်ဟု မောင်တောမြို့ခံများက ပြောပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ WY စိတ်ကြွဆေးပြား ဝယ်ယူသူများသည် စက်တပ်ယာဉ်များဖြင့် မြန်မာ နယ်နိမိတ်အနီးသို့ လာရောက်၍ မြန်မာရေတပ် စက်တပ်ရေယာဉ်ပေါ်မှ စိတ်ကြွဆေးပြားများ ယူသွားသည်ဟု မြို့ခံများက ဆိုကြသည်။ 

မောင်တောမြို့နယ်တွင် ရောင်းဝယ်ဖောက်ကားနေသည့် စိတ်ကြွဆေးပြားများ၊ ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများနှင့် မောင်တောမြို့နယ်တွင် တာဝန်ကျနေသည့် မြန်မာစစ်တပ်မှ တပ်ရင်းမှူးများ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ကွပ်ကဲရေးမှူး၊ ဒု-ကွပ်ကဲရေးမှူးတို့နှင့် ဆက်နွယ် ပတ်သက်မှု ရှိနေသည်ဟု ဒေသခံများက အခိုင်အမာ ပြောဆိုနေကြသည်။ 

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ WY စိတ်ကြွဆေးပြားများ တင်ပို့မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စိတ်ကြွဆေးပြား သုံးစွဲနေသူ ၄ သန်းခန့် ရှိနေပြီ ဖြစ်ကြောင်း သတင်းမီဒီယာများက ရေးသားသည်ကို တွေ့ရှိရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ