မြန်မာစစ်တပ်နှင့် AA တို့၏ တိုက်ပွဲများတွင် ရိုဟင်ဂျာများ နေ့စဉ်နေ့တိုင်း ထိခိုက်နေရ
ကျော်စိုး Rohingya Today
သြဂုတ်လ (၂၈) ရက်နေ့တွင် မြန်မာစစ်တပ်နှင့် AA တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သည် မရှောမ်ရှီဒါ

ရခိုင်ပြည်နယ်ရှိ မြို့နယ် အချို့တွင် မြန်မာစစ်တပ်နှင့် AA တို့ နေ့စဉ်နေ့တိုင်းလိုလို တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲများတွင် လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေသဖြင့် နှစ်ဖက်အကျအဆုံးလည်း ရှိသည့်အပြင် အများပြည်သူများလည်း ထိခိုက်နေရသည်။ ထိုအထဲတွင် တိုက်ပွဲများနှင့် မည်သို့မျှ ပတ်သက် ဆက်နွယ်မှုမရှိသော ရိုဟင်ဂျာလူမျိုးများ နေ့စဉ်လိုလို ကျည်ဆံထိမှန်ပြီး ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း၊ တိုက်ပွဲများကြောင့် နေအိမ်များ စွန့်ခွာထွက်ပြေး၍ အခြားရွာများသို့ ထွက်ပြေး ခိုလှုံနေရခြင်း၊ ခိုလှုံနေသည့် နေရာများတွင် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရခြင်း၊ နေအိမ်များတွင် ကျန်ရစ်ခဲ့သည့် ပစ္စည်းဥစ္စာ စည်းစိမ်များကို မြန်မာစစ်တပ်က ဝင်ရောက် လုယက် ဖျက်ဆီးခြင်းများ ခံနေရခြင်း၊ စစ်ဘေးရှောင်နေစဉ် လုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်း မရှိသောကြောင့် အလုပ်အကိုင် ပျက်နေရခြင်း၊ ကလေးများ၏ ပညာရေး နစ်နာ ဆုံးရှုံးနေရခြင်း စသဖြင့် ကြုံတွေ့နေရသည်။ 

ကျောက်တော်မြို့နယ်တွင်လည်း မြန်မာစစ်တပ်နှင့် AA တို့ နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ သြဂုတ်လ (၂၈) ရက်နေ့ နံနက် ၆း၃၀ နာရီတွင် ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှ ဦးအဒူနာဆဲရ်၏ အသက် (၁၁) နှစ် အရွယ် မဟုရ်ဂျန္နသ်သည် ကုလားတန်မြစ်တွင် ဆန်ဆေးနေစဉ် အနောက်ဘက်မှ ခါးကို ကျည်ဆံထိမှန်ပြီး ယင်းနေရာတွင်ပင် လဲကျသွားခဲ့သည်။ မိသားစုဝင်များက ၎င်းကို နေအိမ်သို့ ခေါ်ဆောင်လာပြီး အာဏာပိုင်များ ထံမှ ခွင့်ပြုချက် ရယူပြီး စစ်တွေ ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်။ စစ်တွေဆေးရုံတွင် ခွဲစိတ်စဉ် ကျည်ဆံနှစ်တောင့် ထုတ်ယူနိုင်ခဲ့ပြီး ယခုအချိန် ဆေးကုသမှု ခံယူနေသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

သြဂုတ်လ (၂၈) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း စံဂိုးတောင်ကျေးရွာအုပ်စုနှင့် ကျောက်ရန်ကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် AA တို့၏ တိုက်ပွဲများ စတင်ခဲ့ပြီး ယခုအချိန်ထိ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။ 

ယင်းနေ့ ည ၉ နာရီအချိန်တွင် ကျောက်ရန်ကျေးရွာအုပ်စု၊ ထိပ်ထူးဖောက်ရွာတွင် ပုဇွန်ကန်စောင့်နေသည့် ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးမာမတ်ဆော်လာမ် (အသက် ၃၃ နှစ်) ကို မြန်မာစစ်တပ်က အနီးကပ် ပစ်သတ်ခဲ့သည်။ 

သြဂုတ်လ (၂၉) ရက်နေ့တွင် စံဂိုးတောင်ကျေးရွာအုပ်စု၊ ဆင်သေပြင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ယင်းရွာမှ ရှောမ်ရှီဒါ (ဘ) ဦးအဘူရှောမာ (အသက် ၂၅ နှစ်) နှင့် လိုင်လာဘေဂမ် (ဘ) ဦးအီနုစ် (အသက် ၂၅ နှစ်) တို့ ကျည်ဆံထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ သြဂုတ်လ (၃၁) ရက်နေ့တွင် ကျောက်ရန်ကျေးရွာအုပ်စု ထိပ်ထူးဖောက်ကျေးရွာမှ ဦးအုစ်မာန်၏ ဇနီးနှင့် အသက် (၁၆) နှစ်အရွယ် ယာစီးန်အာရ်ဖတ် (ဘ) ဦးမာမတ်အာလောမ် တို့လည်း ကျည်ဆံထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ယင်းနေ့တွင်ပင် ဆင်သေပြင်ရွာသို့ လက်နက်ကြီး ကျရောက်ပြီး ရိုဟင်ဂျာများ၏ နေအိမ် ၅ လုံးခန့် မီးလောင်သွားခဲ့ပြီး၊ နွားတစ်ကောင်လည်း ကျည်ဆံထိမှန်ခဲ့သည်။ 

စက်တင်ဘာလ (၁) ရက်နေ့တွင် ဆင်သေပြင်ရွာသို့ မြန်မာစစ်တပ်မှ စစ်သားများ ဝင်ရောက်လာပြီး အိမ်တံခါးမှ ရိုက်ချိုးကာ ဥစ္စာပစ္စည်းများ ခိုးယူခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်သည့်အပြင် ကျွဲ၊ နွားများလည်း ဆွဲယူသွားခဲ့သည်။ 

စက်တင်ဘာလ (၂) ရက်နေ့ နံနက် ၇ နာရီအချိန်တွင် စံဂိုးတောင်ကျေးရွာအုပ်စု၊ ဆင်သေပြင်ကျေးရွာမှ ဆော်ယာဒ်ကော်ရီးမ် (ဘ) ဦးနူရ်ဟူစိန်း (အသက် ၂၇ နှစ်) ၏ ခြေထောက်ကို ကျည်ဆံထိမှန်ခဲ့ပြီး၊ ဘူးသီးတောင် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ