ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးက IDP စခန်း စီမံခန့်ခွဲရေးကော်မတီ ရွေးချယ်ရာ၌ လာဘ်ငွေယူ၍ ခန့်အပ်
ခင်မောင်နိုင် Rohingya Today
ပေါက်တော ငှက်ချောင်း ဒုက္ခသည်စခန်း (၂) မှ မိသားစုတစ်စု (ဓါတ်ပုံ - LWF/C. Kästner)

ပေါက်တော ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ ဒုက္ခသည်စခန်း၌ စီမံခန့်ခွဲရေးကော်မတီ ရွေးချယ်ရာတွင် မြို့နယ် အုပ်ချုပ်ရေးမှူးက လာဘ်ငွေယူ၍ ခန့်အပ်ခဲ့သည်။

၂၀၁၂ ခုနှစ် ဇွန်လ၌ ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး၊ ဗုဒ္ဓဘာသာဝင်များနှင့် အစိုးရ လက်နက်ကိုင် တပ်ဖွဲ့များ ပူးပေါင်း၍ မြို့နယ် အတော်များမျာတးွင် ရိုဟင်ဂျာရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ရိုဟင်ဂျာများကို သတ်ဖြတ်ခြင်း၊ ရိုဟင်ဂျာများကို နေအိမ်များမှ အတင်းအဓမ္မ နှင်ထုတ်ခြင်းများ ပြုလုပ်၍ ရိုဟင်ဂျာများကို အကျဉ်းစခန်းများပုံစံ ဒုက္ခသည်စခန်းများတွင် ထည့်ထား၍ ပိတ်လှောင်ထားသည်မှာ ယခုအချိန်ထိပင် ဖြစ်သည်။ 

ပေါက်တောမြို့နယ်မှ ရိုဟင်ဂျာရွာများလည်း မီးရှို့ခံခဲ့ရပြီး ရိုဟင်ဂျာအချို့လည်း သတ်ဖြတ်ခံခဲ့ရသည်။ ပေါက်တောမြို့နယ်မှ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည့် ရိုဟင်ဂျာများကို ပိတ်လှောင်ထားသည့် ဒုက္ခသည်စခန်းတွင် ၆ လ သက်တမ်းရှိသည့် အဖွဲ့ဝင် ၁၅ ဦးပါ စခန်း စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းပြီး အုပ်ချုပ်လျက်ရှိသည်။ ဖွဲ့စည်းပုံတွင် စီမံခန့်ခွဲရေး ကော်မတီ ခေါင်းဆောင် (၁)၊ ခေါင်းဆောင် (၂) နှင့် အဖွဲ့ဝင်များဟူ၍ ပါရှိသည်။ 

ခေါင်းဆောင် (၁) သည် သြဇာအာဏာအရှိဆုံး ဖြစ်ပြီး၊ အုပ်ချုပ်ရေးမှူး သဖွယ် အုပ်ချုပ်သည်။ ယခုနှစ် သြဂုတ်လ နောက်ဆုံးပတ်တွင် စီမံခန့်ခွဲရေးကော်မတီ၏ သက်တမ်းကုန်ဆုံးသွားသဖြင့် သြဂုတ်လ (၂၈) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၅ ဦးခန့်သည် ပေါက်တောမြို့နယ် ငှက်ချောင်း ဒုက္ခသည်စခန်း အမှတ် (၂) သို့ ရောက်ရှိလာပြီး စခန်းစီမံခန့်ခွဲရေး ကော်မတီ ရွေးချယ်တင်မြှောက်ခဲ့သည်။ ရွေးချယ်ခံရသူများကို စခန်းအတွင်းရှိ ဒုက္ခသည်များကလည်း သဘောကျ နှစ်သက်ကြသည်။ 

ထို့နောက် နံနက် ၁၁ နာရီကျော်တွင် ငှက်ချောင်း ဒုက္ခသည်စခန်း အမှတ် (၁) သို့ မြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့ သွားရောက်၍ ဒုက္ခသည်များကို စုဝေးခိုင်းပြီး စီမံခန့်ခွဲရေးကော်မတီ ရွေးချယ်ခဲ့သည်။ ခေါင်းဆောင် (၁) နေရာအတွက် လူအများက မဲပေးရွေးချယ်သူကို မခန့်အပ်ဘဲ မြို့နယ်အုပ်ချုပ်ရေးမှူးက ၎င်း၏ သဘောဆန္ဒအတိုင်း ခန့်အပ်ခဲ့သည်ဟု ဒုက္ခသည်များက Rohingya Today သို့ပြောသည်။ 

မြို့နယ် အုပ်ချုပ်ရေးမှူး ခန့်အပ်သည့်သူသည် ယခင်က ယင်းစခန်းတွင် ခေါင်းဆောင် လုပ်ခဲ့ဖူးသူ ဖြစ်ပြီး စခန်းရှိ ဒုက္ခသည်များကို ညှဉ်းပန်းနှိပ်စက်ခဲ့သောကြောင့် ဒုက္ခသည်များက ကန့်ကွက်ခဲ့သော်လည်း မြို့နယ် အုပ်ချုပ်ရေးမှူးက ကန့်ကွက်သူများကို ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။ အုပ်ချုပ်ရေးမှူး ခန့်အပ်လိုက်သည့် ခေါင်းဆောင် (၁) မှာ ဦးရွှေလှ (ခ) ဆော်ယာဒ် ဆိုသူ ဖြစ်သည်။ ၎င်းသည် ခေါင်းဆောင် လုပ်စဉ်က ဒုက္ခသည်များထံမှ မတရားသဖြင့် ငွေညှစ်ခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုခြိမ်းခြောက်ခြင်း၊ ရိုက်နှက်ခြင်း၊ ရဲများနှင့် ပူးပေါင်း၍ ဒုက္ခသည်များကို မတရားသဖြင့် ဖမ်းဆီး ငွေညှစ်ခြင်း၊ လူဆိုးလူမိုက်များ မွေး၍ စခန်းတွင်း (သို့မဟုတ်) အနီးအနားရှိ စခန်းများမှ ကျွဲ၊ နွားများ ခိုးယူ၍ စစ်တွေ (သို့မဟုတ်) ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင် ရောင်းချခြင်း၊ သက်ကြီးရွယ်အိုများကို ရိုင်းပျစွာ ဆက်ဆံခြင်း စသည်တို့ ပြုလုပ်ခဲ့သည်ဟု ဒုက္ခသည်များက ပြောပါသည်။

ဦးရွှေလှ ကို စခန်းစီမံခန့်ခွဲရေး ကော်မတီ ခေါင်းဆောင် (၁) နေရာတွင် ခန့်အပ်ရန် အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးက ငွေကျပ် (၈) သိန်း လာဘ်ငွေယူခဲ့သည်ဟု ဒုက္ခသည်များက ဆိုကြသည်။ ယခင်က ညှဉ်းပန်းနှိပ်စက်ခဲ့သူကို မြို့နယ် အုပ်ချုပ်ရေးမှူးက လာဘ်ငွေယူ၍ ပြန်လည် ခန့်အပ်လိုက်သဖြင့် ဒုက္ခသည်များ ယခင်ကဲ့သို့ ညဉ်းပန်းနှိပ်စက်ခံရမည်ကို စိုးရိမ်နေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ