ဘူးသီးတောင် ဂူတာပြင်တွင် တဲထိုးနေခဲ့သည့် မိသားစု ၇၆ စုကို အတင်းအဓမ္မ ပြောင်းရွှေ့ပေးရန် ရွေးချယ်ခဲ့သည့် နေရာကို အနည်းငယ် ရွှေ့၍ မကြာခင် အိမ်ဆောက်ပေးမည်ဟု အာဏာပိုင်များပြော
သိမ်းဝေ Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအုပ်စုတွင် ရိုဟင်ဂျာ မိသားစု ၇၆-စုကို အတင်းပြောင်းရွှေ့ပေးရန် ယခင်က ရွေးချယ်ခဲ့သည့်နေရာကို နေရာအနည်းငယ်ရွှေ့ပြီး အိမ်များကို မကြာခင် စတင်ဆောက်လုပ်ပေးမည်ဟု အာဏာပိုင်များက ပြောသည်။ 

ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးအုပ်စုသို့ နိုဝင်ဘာလ (၁) ရက်နေ့ နေ့လည် ၂း၃၀ ခန့်အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ၆-ဦး အဖွ့ဲတစ်ဖွ့ဲ ရောက်ရှိလာပြီး ရွာအတွင်းရှိ ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းတွင် အိမ်မီးရှို့ခံခဲ့သည့် မိသားစု (၂၀၀) ထဲမှ ယခုနှစ် မေလတွင် မိမိတို့၏ ခြံဝင်းများအတွင်းသို့ ပြန်လည်ဝင်ရောက်၍ တဲထိုးသည့် မိသားစု ၇၆-စု ကို အစိုးရ အစီအစဉ်ဖြင့် အခြားနေရာတွင် အိမ်ဆောက်ပေးပြီး အတင်းအဓမ္မ ပြောင်းရွှေ့ပေးရန် ယခင်က ရွေးချယ် သတ်မှတ်ထားခဲ့သည့် ဂူတာပြင်ရွာကြီး၏ မြောက်ဖက်အစွန်းတွင် ဂူတာပြင်ချောင်း နှင့် လမ်းမကြီးတို့ကြားရှိ အလွန်ကျဉ်းမြောင်းသည့် နေရာကို ယခု နေရာအနည်းငယ် ရွှေ့ပြီး အိမ်များ မကြာခင် စတင်ဆောက်လုပ်ပေးမည်ဟု ပြောကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

"အိမ်တွေကို လမ်းမကြီးနားမှာ တစ်ဘက်တစ်တန်းစီ ၂-တန်း စီပြီး၊ အိမ် ခြံတစ်ခြံ အတွက် အလျား ၄၀-ပေ၊ အနံ ၄၀-ပေ နဲ့ အကွက်ချပြီး တစ်သုတ်ကို ၁၀-လုံးစီ ဆောက်ပေးမယ်၊ အဲဒီ ၁၀-လုံး ဆောက်ပြီးတာနဲ့ မိသားစု ၁၀-စုကို ပြောင်းပေးမယ်၊ နောက် ၁၀-လုံး ဆောက်မယ်၊ နောက် မိသားစုတွေ ပြောင်းပေးမယ် အဲလိုနဲ့ ကျနော်တို့ မိသားစု ၇၆-စုလုံးအတွက် အိမ် ၇၆-လုံး ဆောက်ပေးပါမယ် '' ဟုအဖွ့ဲမှ ပြောကြားခဲ့သည်။

ရွာသားများက “ကျနော်တို့က ကိုယ့်ခြံဝင်းထဲ ဆောက်ထားတဲ့ တဲအိမ်တွေမှာပဲနေပါရစေ၊ ကျနော်တို့ ဘိုးဘေးဘီဘင် အဆက်ဆက်ကပင်ရှိလာတဲ့ ဒီလောက်ကြီးကျယ်တဲ့ အိမ်ခြံမြေတွေ၊ လယ်ယာမြေတွေ စတာတွေကို စွန့်လွှတ်ပြီး အခြား အဲလို ကျဉ်းမြောင်းတဲ့ နေရာတစ်ခုမှာ တစ်ရွာလုံးမှာရှိတဲ့ မိသားစုတွေကို ထားပေးရင် ဘယ်လိုအဆင်ပြေပါ့မလဲ၊ ကျနော်တို့ကို သနားကြပါ” ဟုပြောဆိုသော်လည်း “ဒါက နိုင်ငံတော် အမိန့်၊ နိုင်ငံတော်က ဆုံးဖြတ်လိုက်ပြီ၊ နိုင်ငံတော်အမိန့်ကို နာခံရမယ်၊ စိုးရိမ်ပြီး ဟိုဘက် ဒီဘက် တိုင်စရာမလိုဘူး၊ အထက်အမိန့်အတိုင်း ကျနော် အဆင်ပြေအောင် လုပ်ပေးပါမယ်၊ စိတ်ချပါ” ဟု အရာရှိတစ်ဦးက ပြန်ပြောပြီး နေ့လည် ၃း၃၀ အချိန်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ဂူတာပြင် ရွာသား တစ်ဦးကပြောပါသည်။

ဤကိစ္စနှင့် ပတ်သက်၍ ရွာသားများက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုထံလည်း အသနားခံ စာတစ်စောင်ကို ယခုနှစ် စက်တင်ဘာလတွင် ပေးပို့ခဲ့ပြီး တုံ့ပြန်မှုတစ်စုံတစ်ရာ မရရှိသေးကြောင်း သိရသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ ဖြစ်စဉ် နောက်ပိုင်းတွင် ဂူတာပြင်ရွာရှိ ရိုဟင်ဂျာရွာ (၃) ရွာမှ ရိုဟင်ဂျာ အိမ်ခြေ (၂၀၀) ခန့် ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ရခိုင်လူမျိုးအချို့နှင့် ပူးပေါင်း၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင်း ရိုဟင်ဂျာရွာသားများ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အနီးအနားရှိ အခြား ရိုဟင်ဂျာရွာများတွင် သွားရောက် ခိုလှုံနေခဲ့ရသည်။

ထိုသို့ အိုးမဲ့အိမ်မဲ့ဘဝဖြင့် အခြားနေရာများတွင် ၉-လ တိတိ နေခဲ့ပြီး အခြေအနေ တည်ငြိမ်လာသဖြင့် ယခုနှစ် မေလကုန်ပိုင်းတွင် ရွာသားများက အချင်းချင်းတိုင်ပင်ကာ မိမိတို့ မူလအရပ် ဂူတာပြင်ရွာကြီး နှင့် တောင်ရွာတို့တွင် စတင်တဲထိုးလာရာ တဲ (၇၆) လုံးထိုးပြီးချိန် တစ်ပတ်အကြာတွင် အစိုးရဌာနဆိုင်ရာ ပေါင်းစုံမှ လာရောက်စစ်ဆေးခဲ့ပြီး ခွင့်ပြုချက်မပါဘဲ တဲထိုး၍ နေ၍ရမည်မဟုတ်ကြောင်း၊ နောက်ဆက်ထိုးလျှင် ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်းပြော၍ ဟန့်တားသောကြောင့် ဆက်လက်၍ တဲမထိုးတော့ဘဲ ရပ်တန့်ခဲ့သည်။

ယခု သတ်မှတ်ပေးသည့်နေရာသည် တစ်ရွာလုံး၏မီးရှို့ခံနေရာများမှ နေရာအစိတ်အပိုင်း တစ်ခုသာဖြစ်ပြီး ယခင် အိမ်ခြေ ၁၆-အိမ်သာရှိခဲ့သည့် သေးငယ်သော နေရာတွင် ဂူတာပြင်ရွာကြီးနှင့်တောင်ရွာ နှစ်ခုစလုံးမှ တဲထိုး၍ နေထိုင်သည့် တဲအိမ် ၇၆-လုံးအတွက် အိမ်ငယ်လေးများ ဆောက်ပေး၍ ခြံစည်းရိုးကာပြီး ဒုက္ခသည်စခန်းပုံစံဖြင့် အစိုးရထိန်းချုပ်မှုအောက်တွင် ထားသွားမည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ယခု အစိုးရမှ မြေနေရာသတ်မှတ်ပေးသည်မှာ မီးရှို့ခံခဲ့သည့် အိမ်ခြေ ၂၀၀ ခန့်မှ တဲထိုး၍ ဝင်ရောက်နေထိုင်သည့် မိသားစု ၇၆-စု အတွက်သာ သတ်မှတ်ပေးခြင်းဖြစ်ပြီး ကျန်သည့် အိမ်ခြေ ၁၀၀ ကျော် အတွက်တော့ မည်သို့မျှ ပြောလာခြင်း မရှိသေးသည့်အတွက်ကြောင့် ရွားသားများက ဤအတိုင်းဆက်ဖြစ်လာလျှင် ကျနော်တို့ ဒီနေရာကနေ ထွက်ပြေးသွားရမည်ဟု စိုးရိမ်မကင်း ဖြစ်နေကြကြောင်း ၎င်းက ဆက်ပြောသည်။

"မီးရှို့ခံရတာကိုက အပြစ်ကျူးလွန်ခဲ့မိသလိုလိုနဲ့ မီးလောင်မှုကိုအကြောင်းပြပြီး ကျဉ်းမြောင်းတဲ့နေရာမှာ အရမ်းသေးငယ်တဲ့ အိမ်လေးတွေ ဆောက်ပေးပြီး မက်လုံးပေး ဒုက္ခသည်စခန်းထဲ တွန်းပို့ပြီးတာနဲ့ ဒီလူတွေ ပိုင်ဆိုင်ခဲ့တဲ့ ကြီးကျယ်တဲ့ အိမ်ခြံမြေ၊ လယ်ယာမြေတွေကို သိမ်းပစ်လိုက်မယ်၊ ဒုက္ခသည်က ဘာလွတ်လပ်မှုမှမရှိဘူးလေ၊ သူတို့ပေးရင်စား၊ မပေးရင်ငတ် ဒါပဲ ကိုယ့်ဟာကိုယ် ဘာမှ လုပ်လို့မရဘူးဗျာ'' ဟု အိမ်မီးရှို့ခံရပြီး အခြားရွာတွင် ခိုလှုံနေသူတစ်ဦးက ရင်ဖွင့်သည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ