ဘူးသီးတောင် ဆင်သေပြင်ကျေးရွာမှ အိမ်များကို မြန်မာစစ်တပ်က လုယက်ဖျက်ဆီး
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စံဂိုးတောင်ကျေးရွာအုပ်စု၊ ဆင်သေပြင်ကျေးရွာရှိ အိမ်များမှ တံခါးများကို မြန်မာစစ်တပ်မှ စစ်သားများက ရိုက်ချိုး ဝင်ရောက်ပြီး အဖိုးတန်ပစ္စည်းများ လုယက်သွားပြီးသည့်အပြင် ၎င်းတို့ မသယ်နိုင်သည့် ပစ္စည်းများကို ဖျက်ဆီးသွားသည်။

ယနေ့ စက်တင်ဘာလ (၁) ရက်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ် စံဂိုးတောင်ကျေးရွာအုပ်စု၊ ဆင်သေပြင်ကျေးရွာ အနီးတွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဆင်သေပြင်ကျေးရွာမှ ရွာသူရွာသားများသည် သြဂုတ်လ (၂၉) ရက်နေ့တွင် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေသောကြောင့် ဘေးလွတ်ရာကို ပြောင်းရွှေ့သွားခဲ့သောကြောင့် ရွာတွင် လူတစ်ဦးတစ်ယောက်မှ မရှိတော့ပေ။

ရွာသူရွာသားများသည် အသက်အန္တရာယ်မှ လွတ်မြောက်ရန်အတွက် အလျင်စလို ထွက်ပြေးသွားသောကြောင့် မည်သည့် ပစ္စည်းမှ ယူဆောင်နိုင်ခြင်းမရှိခဲ့ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ အဖိုးတန်ပစ္စည်းများ၊ ကျွဲနွားများကို ထား၍ ဘေးလွတ်ရာကို ထွက်ပြေးသွားခဲ့ရသည်ဟု ၎င်းက ဆိုသည်။ 

ယနေ့ နံနက်ပိုင်း ဖြစ်ပွားသည့် တိုက်ပွဲတွင် နွားတစ်ကောင် ကျည်ဆံထိမှန်ခဲ့သည်။ တိုက်ပွဲအပြီးတွင် မြန်မာစစ်တပ်မှ စစ်သားများက အိမ်တံခါးများကို ရိုက်ချိုးပြီး အိမ်များထဲသို့ ဝင်ရောက်၍ သေတ္တာ၊ ဘီရိုများကို ဖျက်ဆီး ဖွင့်လှစ်၍ အဖိုးတန်ပစ္စည်းများ ယူဆောင်သွားခဲ့သည်။ ၎င်းတို့ မသယ်နိုင်သည့် အဝတ်အစားများ၊ အသုံးအဆောင် ပစ္စည်းများကို ဖျက်ဆီးပြီး အိမ်များ အပြင်ဘက်၌ ပစ်ချထားခဲ့သည်။ 

တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် ဆင်သေပြင်ရွာမှ ရွာသူရွာသားများကို လုံခြုံသော နေရာတွင် နေရာထိုင်ခင်းပေးရန်၊ အစားအသောက်များ၊ အသုံးအဆောင်ပစ္စည်းများ စီစဉ်ပေးရန် အစိုးရ အာဏာပိုင်များနှင့် မြန်မာစစ်တပ်တွင် လုံး၀ တာဝန်ရှိသော်လည်း စီစဉ်ပေးခြင်း မရှိသည့်အပြင် အပြစ်မဲ့ ပြည်သူများ၏ အိမ်၊ ဥစ္စာပစ္စည်းများကို စစ်တပ်က လုယက်ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ