မြန်မာစစ်တပ်နှင့် AA တို့၏ တိုက်ပွဲတွင် ဘူးသီးတောင် ထိပ်ထူးဖောက်ရွာမှ ရိုဟင်ဂျာနှစ်ဦး ကျည်ဆံထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိ
ကျော်စိုး Rohingya Today
သြဂုတ်လ (၂၉) ရက်နေ့က ကျည်ဆံထိမှန်ပြီး မျက်စိကွယ်သွားသည့် ဘူးသီးတောင် ဆင်သေပြင်ရွာမှ ကိုယ်ဝန် ၉ လ လွယ်ထားသော မလိုင်လာဘေဂမ်

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း ကျောက်ရန်ကျေးရွာအုပ်စု၊ ထိပ်ထူးထောက်ရွာ အနီးတွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ရိုဟင်ဂျာနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ 

သြဂုတ်လ (၃၁) ရက်နေ့ နေ့လည် ၃ နာရီကျော်အချိန်တွင် ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း ကျောက်ရန်ကျေးရွာအုပ်စု၊ ထိပ်ထူးဖောက်ရွာ အနီးတွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။ မြန်မာစစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ 

ထိုသို့ အပြန်အလှန်ပစ်ခတ်နေစဉ် ထိပ်ထူးဖောက်ရွာထဲသို့ နေ့လည် ၃း၃၀ နာရီခန့်တွင် ကျည်ဆံတစ်တောင့်သည် ထိပ်ထူးဖောက် အာဘူရွာရှိ ဦးအုစ်မာန် (ဘ) ဦးအဒူရှကူရ်၏ နေအိမ်တွင်းသို့ ကျရောက်ပြီး ဇနီးဖြစ်သူ၏ ဝမ်းဗိုက်ကို ထိမှန်ခဲ့သည်။ ၅ မိနစ်ခန့်အကြာတွင် နောက်ထပ် ကျည်ဆံတစ်တောင့်သည် ထိပ်ထူးဖောက် ရွာကြီးမှ ဦးမိုဟာမတ်အာလောမ်၏ နေအိမ်တွင်းသို့ ကျရောက်ပြီး သားဖြစ်သူ အသက် (၁၆) နှစ်အရွယ် ယာစီးန်အာရာဖတ်၏ နောက်ကျောကို ထိမှန်ခဲ့သည်။ နှစ်ဦးစလုံး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြပြီး ၎င်းတို့ကို နေဝင်ချိန်တွင် ဘူးသီးတောင် ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်းတွင် နေ့စဉ်လိုလို တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိသည့် ရိုဟင်ဂျာများသာ အထိနာနေသည်။ (၃) ရက်အတွင်း ရိုဟင်ဂျာ (၅) ဦး ကျည်ဆံထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ 

သြဂုတ်လ (၂၈) ရက်နေ့တွင် မြန်မာစစ်တပ်၏ ပစ်ခတ်မှုကြောင့် ထိပ်ထူးဖောက်ရွာမှ ရိုဟင်ဂျာတစ်ဦး သေဆုံးခဲ့ရပြီး၊ သြဂုတ်လ (၂၉) ရက်နေ့တွင် ဆင်သေပြင်ရွာမှ အမျိုးသမီးနှစ်ဦး ကျည်ဆံထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ 

“ကျည်ဆံထိပြီး ဒဏ်ရာရသူတွေကို အစိုးရအာဏာပိုင်တွေနဲ့ စစ်တပ်က ဘာအကူအညီမှ ပေးတာ မရှိဘူး။ မိသားစုဝင်တွေက ခက်ခက်ခဲခဲနဲ့ ဘူးသီးတောင် ဆေးရုံကို ခေါ်သွားရတယ်။ မိုးရာသီဆိုတော့ ရွာတွေထဲကို ကားတွေ CNG တွေ သွားလို့ မရဘူး။ ဆိုင်ကယ်နဲ့တင်၊ ဒါမှ မဟုတ် လူတွေက ထမ်းပြီး တစ်နာရီကျော်ကျော်လောက် လျှောက်ပြီး ဖုံညိုလိပ်ကို ခေါ်သွားရတယ်။ အဲဒီကနေ CNG နဲ့ ဆေးရုံကို ပို့ရတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

မြန်မာစစ်တပ်နှင့် AA တို့ စတင်တိုက်ခိုက်စဉ် နေ့လည် ၃ နာရီကျော်တွင် ထိပ်ထူးဖောက်ရွာ၏ အရှေ့ဘက် ကပ်လျက်ရှိ စံဂိုးတောင်ကျေးရွာအုပ်စု ဆင်သေပြင်ရွာသို့ လက်နက်ကြီး ကျရောက် အိမ်ခြေ ၅ လုံးခန့် မီးလောင်ပြာကျသွားခဲ့သည်။ သြဂုတ်လ (၂၈) ရက်နေ့မှစ၍ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသောကြောင့် သြဂုတ်လ (၂၉) ရက်နေ့တွင် ဆင်သေပြင်ရွာမှ ရွာသူရွာသားများသည် ဘေးလွတ်ရာသို့ ထွက်ပြေး ပြောင်းရွှေ့သွားခဲ့ကြသည်။ ရွာတွင် လူတစ်ဦးမှ မရှိသောကြောင့် မီးလောင်သွားသည့် အိမ်များ၏ ပိုင်ရှင်အမည်များ စုံစမ်းရန် ခက်ခဲနေသည်ဟု ဒေသခံများ ဆိုသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ