ပုဇွန်ကန်စောင့် တစ်ဦးကို မြန်မာစစ်တပ်မှ စစ်သားများက သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း ကျောက်ရန်ကျေးရွာအုပ်စု၊ ထိပ်ထူးဖောက်ကျေးရွာမှ ဦးဟာမိတ်ဟူဆောင်း ကို မြန်မာစစ်တပ်မှ စစ်သားများက သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သည်။

ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း၊ ကျောက်ရန်ကျေးရွာအုပ်စု၊ ထပ်ထူးဖောက်ကျေးရွာမှ ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးမာမတ်ဆော်လာမ် (အသက် ၃၃ နှစ်) သည် ပုဇွန်ကန်တွင် အလုပ်သမားအဖြစ် လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်း ပြုနေသည့် ဆင်းရဲသားတစ်ဦး ဖြစ်သည်။ 

ပုဇွန်ကန်များတွင် သူခိုးများလာရောက်၍ မျောပိုက်များ မျောပြီး ခိုးဖမ်းလေ့ရှိသောကြောင့် ဦးဟာမိတ်ဟူဆောင်းသည် သြဂုတ်လ (၂၈) ရက်နေ့ ည (၉) နာရီကျော်တွင် ပုဇွန်ကန်ထဲ၌ ပိုက်မျောထားခြင်း ရှိ/မရှိ စစ်ဆေးရန် လှေငယ်တစ်စီးဖြင့် ပုဇွန်ကန်ထဲတွင် ဓါတ်မီးထိုး၍ လှည့်လည် ကြည့်ရှုနေစဉ် အနီးအနားတွင် လုံခြုံရေး ဆောင်ရွက်နေသည့် စစ်သားများက သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ကျည်ဆံထိမှန်ပြီး လှေပေါ်တွင်ပင် သေဆုံးသွားခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

စစ်သားများက ၎င်းတို့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူကို လှည့်ပင်မကြည့်ဘဲ ၎င်းတို့ သွားလိုရာကို ထွက်သွားခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်းတွင် မြန်မာစစ်တပ်နှင့် AA တို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် ရိုဟင်ဂျာများ မကြာခဏ ကျည်ဆံထိမှန်ပြီး သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းများ ဖြစ်ပွားလျက်ရှိသည်။ 

သြဂုတ်လ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် ဆင်သေပြင်ကျေးရွာ၏ အရှေ့ဘက် ထိပ်ထူးထောက်ကျေးရွာ အနီးရှိ တောတောင်တွင် မြန်မာစစ်တပ်နှင့် AA တို့ နေ့တစ်ဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ