မြန်မာစစ်တပ်နှင့် AA တို့၏ တိုက်ပွဲတွင် ရိုဟင်ဂျာအမျိုးသမီး နှစ်ဦး ကျည်ဆံထိမှန်ပြီး ပြင်းထန်စွာဒဏ်ရာရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း စံဂိုးတောင်ကျေးရွာအုပ်စု၊ ဆင်သေပြင်ကျေးရွာနှင့် ဥယျာဉ်သာကျေးရွာ ကြားတွင် ဖြစ်ပွားသည့် မြန်မာစစ်တပ်နှင့် AA တို့၏ တိုက်ပွဲတွင် ရိုဟင်ဂျာအမျိုးသမီး နှစ်ဦး ကျည်ဆံထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသည်။ 

ယနေ့ သြဂုတ်လ (၂၉) ရက်နေ့ နံနက် ၁၁ နာရီအချိန်မှစ၍ ဘူးသီးတောင်မြို့နယ် အရှေ့ပိုင်း စံဂိုးတောင်ကျေးရွာအုပ်စု၊ ဆင်သေပြင်ကျေးရွာနှင့် ဥယျာဉ်သာကျေးရွာ ကြားတွင် မြန်မာစစ်တပ်နှင့် AA တို့က လက်နက်ကြီးငယ်များဖြင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်ပြီး အချိန်အတန်ကြာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ 

မြန်မာစစ်တပ်မှ ချောင်းမြောင်း၍ ပစ်ခတ်သည့် ကျည်ဆံများသည် ဆင်သေပြင်ကျေးရွာ အရှေ့ပိုင်းသို့ ကျရောက်ပြီး အသက် (၂၅) နှစ် အရွယ် ရိုဟင်ဂျာအမျိုးသမီးနှစ်ဦး ကျည်ဆံထိမှန်ခဲ့သည်။ 

လက်နက်ကြီးများဖြင့် ပစ်ခတ်သံများသည် မောင်တောမြို့နယ်တွင် ကြားရသည်ဟု မောင်တောမြို့ခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

ကျည်ဆံထိမှန်ပြီး ဒဏ်ရာရရှိသည့် အမျိုးသမီးနှစ်ဦးမှာ ရှောမ်ရှီဒါ (ဘ) ဦးအဘူရှော်မာ နှင့် လိုင်လာဘေဂမ် (ဘ) ဦးအီနုစ် တို့ဖြစ်ကြသည်။ ရှောမ်ရှီဒါ၏ ပေါင်ကို ကျည်ဆံထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ လိုင်လာဘေဂမ်၏ ယာဘက်မျက်စိကို ကျည်ဆံထိမှန်သောကြောင့် မျက်စိကွယ်သွားသည်ဟု မျက်မြင်သက်သေများက ပြောသည်။ အမျိုးသမီးနှစ်ဦးစလုံးကို မိသားစုဝင်များက ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်သွားသည်။ ရှောမ်ရှီဒါတွင် (၃) လ အရွယ် နို့စို့ ကလေးငယ်တစ်ဦး ရှိပြီး၊ လိုင်လာဘေဂမ် သည် ကိုယ်ဝန် (၉) လ လွယ်ထားသောကြောင့် ကိုယ်ဝန်ထိခိုက်မည်ကို စိုးရိမ်ရသည်ဟု ဒေသခံများက ဆိုကြသည်။ 

တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေသောကြောင့် ဆင်သေပြင်ရွာမှ ရွာသူရွာသားများသည် ထိပ်ထူးဖောက် ရွာဘက်သို့ ရွှေ့ပြောင်း သွားရသည်။

သြဂုတ်လ (၂၈) ရက်နေ့ နံနက်ပိုင်းတွင်လည်း ယင်းနေရာတွင်ပင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညပိုင်းတွင် လုံခြုံရေးဆောင်ရွက်နေသည့် စစ်သားများက ပုဇွန်ကန် အစောင့် ဦးဟာမိတ်ဟူဆောင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ